10
1-2 တစ်နေ့သ၌ကဲသရိမြို့တွင် ဘုရားတရားကြည်ညိုလျက် အိမ်သူအိမ်သားရှိသမျှနှင့်တကွ ဘုရားသခင်ကိုခန့်ညားလျက်၊ ပြည်သူပြည်သားတို့အား များစွာစွန့်ကြဲပေးကမ်းလျက်၊ ဘုရားသခင့်ထံ အစဉ်ပဌနာပြုတတ်သော ဣတလိရန်ခေါ်ထောင်တပ်တွင် ရာတပ်မှူးကော်နေလိဆိုသူသည်၊
3 မွန်းလွဲသုံးနာရီခန့်အချိန် ကော်နေလိဟုခေါ်လျက်ဝင်လာသောဘုရားသခင့်စေတမန်တော်တစ်ပါးကို ရူပါရုံတွင်အထင်အရှားမြင်ရ၏။
4 ထိုစေတမန်တော်ကို အလန့်တကြားစိုက်ကြည့်လျက် မည်သို့ပါနည်းအရှင်ဘုရားဟု မေးလျှောက်သော် စေတမန်တော်က သင့်ပဌနာမှုများ၊ စွန့်ကြဲပေးကမ်းမှုများသည် ဘုရားသခင်မှတ်သားရန် ရှေ့တော်သို့တက်ရောက်လေပြီ။
5 ယခုမှာ ယုပ္ပေမြို့သို့လူလွှတ်ပြီးလျှင် ပေတရုဘွဲ့ခံရှိမုန်ဆိုသူကိုပင့်ခေါ်စေလော့။
6 ထိုသူသည် ပင်လယ်ကမ်းအနီး၊ သားရေနယ်ဆရာရှိမုန်အိမ်တွင်တည်းခိုလျက်နေသည်ဟု မြွက်ဆို၏။
7 ထိုသို့မြွက်ဆိုသောစေတမန်တော် ထွက်သွားသော် ကော်နေလိသည်အစေခံနှစ်ယောက်နှင့် မှူးစုပါစစ်သည်တို့အနက် ဘုရားတရားကြည်ညိုသူတစ်ယောက်ကိုခေါ်၍၊
8 အရာခပ်သိမ်းကိုပြန်ကြားပြီးလျှင် ယုပ္ပေမြို့သို့စေလွှတ်လိုက်၏။
9 နောက်နေ့၌ ယုပ္ပေမြို့အနီးထိုသူတို့ခရီးသွားေသးစဉ် ပေတရုသည် မွန်းတည့်အချိန်ခန့်ပဌနာပြုရန် အိမ်မိုးပေါ်သို့တက်ပြီးလျှင်၊
10 ဆာမွတ်၍စားသောက်လို၏။ ပြင်ဆင်လျက်နေကြစဉ် သမ္မာပါတ်ဝင်စားရာ၊
11-12 ကောင်းကင်ပွင့်လျက် ရွက်ထည်သဖွယ် ထောင့်လေးထောင့်ဖြင့် မြေသို့စုကိုင်ချလိုက်၍ ခြေလေးချောင်းရှိသတ္တဝါ၊ တွားတတ်သောမြေသတ္တဝါ၊ လေသတ္တဝါအမျိုးမျိုးပါရှိသော အသုံးအဆောင်ကျလာသည်ကိုမြင်ရ၏။
13 ထိုကာလ၊ အိုပေတရု ထ၍စီရင်သုံးဆောင်လော့ဟု ဗျာဒိတ်တော်သံရောက်လာရာ၊
14 ပေတရုက မသင့်ပါအရှင်ဘုရား၊ မသန့်သောအရာ၊ မစင်ကြယ်သောအရာ၊ မည်သည်ကိုမျှ မသုံးဆောင်ဘူးပါဟုပြန်လျှောက်သော်၊
15 ဘုရားသခင်စင်ကြယ်စေပြီးသောအရာကို မသန့်ဟုမမှတ်နှင့်ဟူ၍ ဒုတိယအကြိမ် ဗျာဒိတ်တော်သံရောက်လာပြန်၏။
16 သုံးကြိမ်တိုင်ထိုသို့ပြုပြီးမှ ထိုအသုံးအဆောင်ကို ကောင်းကင်ထဲသို့ချက်ခြင်းရုပ်သိမ်းလိုက်၏။
17 မြင်ရသောရူပါရုံအဓိပ္ပါယ်အကြောင်း ပေတရုတွေးတောလျက်နေစဉ်၊ ကော်နေလိစေလွှတ်လိုက်သူတို့သည် ရှိမုန်အိမ်ကိုတွေ့သဖြင့် တံခါးအနီးရပ်လျက်၊
18 ထိုအိမ်တွင် ပေတရုဘွဲ့ခံရှိမုန်တည်းနေသည်မနေသည်ကို ဟစ်မေးကြ၏။
19 ဝိညာဉ်တော်ကလည်း ဆိုခဲ့သည့်ရူပါရုံအကြောင်းစဉ်းစားနေသောပေတရုအား ကြည့်လော့၊ သင့်ကိုလူသုံးယောက်ရှာနေကြသည်။
20 ထ၍ဆင်းပြီးလျှင် ငါစေလွှတ်လိုက်သောထိုသူတို့နှင့်အတူ စိတ်နှောင့်နှေးခြင်းမရှိဘဲ လိုက်သွားလော့ဟု အမိန့်ရှိရာ၊
21 ပေတရုဆင်းသွား၍ သင်တို့ရှာသောသူကားငါပင်တည်း။ မည်သည့်အကြောင်းနှင့် ရောက်လာကြသနည်းဟုမေးသော်၊
22 ထိုသူတို့က ဘုရားသခင်အားခန့်ညားသော သူတော်ကောင်းဖြစ်လျက် ယုဒလူမျိုးခပ်သိမ်းတို့တွင်အသရေရှိသောတပ်မှူးကော်နေလိသည် ကိုယ်တော့်ကိုအိမ်သို့ ပင့်ခေါ်၍ ကိုယ်တော့်ဒေသနာကိုကြားနာရန် သန့်ရှင်းသောစေတမန်တစ်ပါးဖြင့် ဗျာဒိတ်တော်ခံရပါသည်ဟု ပြန်လျှောက်ကြသဖြင့်၊
23 ပေတရုသည် ထိုသူတို့ကိုခေါ်သွင်းပြီးလျှင် ဧည့်ခံလေ၏။
နံနက်အချိန်ထပြီးလျှင် ယုပ္ပေမြို့နေညီအစ်ကိုအချို့ပါ ထိုသူတို့နှင့်အတူလိုက်သွား၍၊
24 နောက်နေ့၌ ကဲသရိမြို့သို့ဝင်သော် အမျိုးသားချင်းတို့နှင့်အပေါင်းအဖော်များကိုခေါ်ဖိတ်၍ စောင့်မျှော်သူကော်နေလိသည်၊
25 ဝင်လာသောပေတရုကိုကြိုဆိုလျက် ခြေရင်းတွင်ပျပ်ဝပ်ရှိခိုးရာ၊
26 ပေတရုက ထလော့။ ငါလည်းလူဖြစ်သည်ဟုဆိုလျက် ကော်နေလိကိုထူလေ၏။
27 ထိုနောက် ကော်နေလိနှင့်စကားပြောလျက်ဝင်သွားသော် လူအများစုရုံးသည်ကိုတွေ့မြင်၍၊
28 ပေတရုက သင်တို့သိကြသည့်အတိုင်း ယုဒအမျိုးသားဖြစ်သူသည် လူမျိုးခြားနှင့် ဆက်ဆံပေါင်းဖော်သောထုံးစံမရှိသော်လည်း မည်သူကိုမျှမသန့်မစင်ကြယ်ဟူ၍မခေါ်သင့်ကြောင်း ငါ့အားဘုရားသခင်ဖော်ပြတော်မူသောကြောင့်၊
29 ခေါ်ဖိတ်ကြသည့်အလျောက် မငြင်းမဆိုငါလိုက်လာပြီ။ သို့ဖြစ်၍မည်သည့်အတွက် ငါ့ကိုခေါ်ဖိတ်ကြကြောင်း ငါမေးသည်ဟုပြောဆို၏။
30 ကော်နေလိကလည်း ယမန်လေးရက်၊ ယခုအချိန်မွန်းလွဲသုံးနာရီတွင် အိမ်၌ကျွန်တော်ပဌနာပြုနေစဉ် ဖွဲ့ဖြူဆင်ယင်သူတစ်ပါးသည် ကျွန်တော့်ရှေ့ရပ်လာလျက်၊
31 အိုကော်နေလိ၊ ဘုရားသခင်သည် သင့်ပဌနာကိုနားညောင်း၍ စွန့်ကြဲပေးကမ်းမှုများကိုလည်း မှတ်သားတော်မူလေပြီ။
32 သို့ဖြစ်၍ ယုပ္ပေမြို့သို့လူလွှတ်ပြီးလျှင် ပေတရုဘွဲ့ခံရှိမုန်ကိုပင့်ခေါ်လော့။ ထိုသူသည် ပင်လယ်ကမ်းအနီး၊ သားရေနယ်ဆရာရှိမုန့်အိမ်တွင်တည်းခိုလျက်နေသည်ဟု မိန့်ဆိုသည့်အတိုင်း၊
33 ကိုယ်တော့်ထံချက်ချင်းလူလွှတ်လိုက်ရာ ရောက်လာတော်မူသည်မှာ ကျေးဇူးကြီးလှပါသည်။ ကိုယ်တော့်အား ထာဝရဘုရားမိန့်မှာတော်မူသမျှကိုကြားနာရန် ကျွန်တော်အပေါင်းတို့သည် ဘုရားသခင့်မျက်မှောက်တော်တွင်ယခုရှိနေကြပါသည်ဟု ပြန်လျှောက်၏။
34 ထိုအခါနှုတ်မြွက်၍ ပေတရုက၊ ဘုရားသခင်သည်မျက်နှာကြီးငယ်မထောက်ဘဲ၊
35 လူမျိုးတိုင်း၌ ကိုယ်တော့်အားခန့်ညား၍ ကောင်းသောအမှုပြုကျင့်သူတို့ကို လက်ခံတော်မူကြောင်းမုချငါသိပြီ။
36-37 ဗတ္တိဇံတရားကို ယောဟန်ဟောပြီးနောက် ဂါလိလဲနယ်ကစ၍ယုဒပြည်လုံးနှံ့ ကြေညာသောသတင်း၊ လူခပ်သိမ်းတို့အရှင်သခင်ဖြစ်တော်မူသောယေရှုခရစ်အားဖြင့် ဣသရေလအမျိုးသားတို့အား ကြော်ငြာသောငြိမ်သက်ခြင်းဆိုင်ရာသတင်းတော်မြတ်ကိုလည်းေကာင်း၊
38 နာဇရက်မြို့သားယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးတော်နှင့် ဘုရားသခင့်ထံ ဘိသိက်တော်ခံရပြီးလျှင် ကိုယ်တော်နှင့်အတူဘုရားသခင်ရှိတော်မူသည်နှင့်အညီ ကျေးဇူးပြုလျက် မာရ်နတ်နှိပ်စက်သူခပ်သိမ်းကိုကျန်းမာစေလျက် လှည့်လည်နေသည်ကိုလည်းေကာင်းသင်တို့သိကြလေပြီ။
39 ငါတို့လည်း ယေရုရှလင်မြို့မှစ၍ ယုဒလူမျိုးတို့တိုင်းပြည်၌၊ ထိုအရှင်ပြုသမျှအကြောင်း မျက်မြင်သက်သေဖြစ်ကြပါ၏။ ထိုအရှင်ကိုပင်ကားတင်၍ကွပ်မျက်ကြသော်၊
40-41 သုံးရက်လည်သောနေ့တွင် ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူသည့်အတိုင်း သူသေတို့အထဲမှရှင်ပြန်ထမြောက်ပြီးနောက် ပြည်သူပြည်သားအပေါင်းတို့အားမဟုတ်၊ သက်သေအဖြစ် ဘုရားသခင်တင်ကူးရွေးကောက်တော်မူသူ၊ အတူစားသောက်ခွင့်ရသူငါတို့အား ထင်ရှားခွင့်ရတော်မူသည့်ပြင်၊
42 ရှင်သူ၊ သေသူတို့၏တရားမင်းအဖြစ် ဘုရားသခင်ခန့်ထားတော်မူသောအရှင်ဖြစ်ကြောင်း ပြည်သူပြည်သားတို့အားဟောပြောလျက် သက်သေခံကြစေရန် ငါတို့ကိုမိန့်မှာတော်မူ၏။
43 ထိုအရှင်ကိုယုံကြည်သောသူတိုင်း နာမတော်အားဖြင့်အပြစ်ပြေလွတ်ခွင့်ရမည်ဟူ၍ ပရောဖက်ရှိသမျှတို့ သက်သေခံကြသည်ဟုဟောပြောလေ၏။
44 ထိုသတင်းကိုပေတရုပြန်ကြားစဉ် တရားတော်ကိုကြားနာသူရှိသမျှတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်တော်မူ၏။
45-46 လှီးဖြတ်ခြင်းမင်္ဂလာခံရသူတို့အနက် ယုံကြည်၍ ပေတရုနှင့်လိုက်လာသူတို့သည် ဘာသာစကားထူးပြောဆိုလျက် ဘုရားသခင့်ဂုဏ်တော်ချီးမြှောက်ကြသည်ကိုကြားရသည်နှင့် လူမျိုးခြားတို့အပေါ်သို့လည်း သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးကို သွန်းလောင်းတော်မူသည့်အတွက် အံ့သြကြရာ၊
47 ပေတရုက ငါတို့နည်းတူ သန့်ရှင်းသောဝိညာဉ်တော်ခံရပြီးဖြစ်သော ဤသူတို့သည် ဗတ္တိဇံမင်္ဂလာမခံရစေခြင်းငှါ ရေကိုမည်သူကန့်ကွက်နိုင်သနည်းဟုဆိုပြီးလျှင်၊
48 ယေရှုခရစ်၏နာမတော်၌ ဗတ္တိဇံမင်္ဂလာပေးရန်အမိန့်ရှိ၏။ ထိုသူတို့လည်း ပေတရုကိုနေ့ရက်အတန်ကြာတည်းနေစေရန် တောင်းပန်ကြ၏။