တမန်တော်ဝတ္ထု
1
1-2 ယေရှုသည် ရွေးကောက်တော်မူသောတမန်တော်တို့အား သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အမိန့်ပညတ်ပေးသည့်အဆုံး၌ ချီဆောင်ခြင်းကိုခံတော်မူသည့်နေ့တိုင်အောင် ပြုမူဟောပြောတော်မူသမျှနှင့်စပ်၍ အထက်ကျမ်းကိုငါရေးတင်ခဲ့ပြီ။ အိုသော်ဖိလုမင်း၊ စီရင်ရာခံပြီးနောက် ယေရှုသည်ရက်ပေါင်းလေးဆယ်အတွင်း တမန်တော်တို့အား ထင်ရှားလျက် ဘုရားသခင့်နိုင်ငံတော်နှင့်စပ်ဆိုင်သောအကြောင်းအရာများကို ဟောပြောလျက် သက်သေနိမိတ်အများဖြင့် အသက်ရှင်ကြောင်းဖော်ပြတော်မူသည့်ပြင်၊ သူတို့နှင့်အတူစားတော်ခေါ်စဉ် ငါကြားပြောဖူးသောခမည်းတော်ကတိထားတော်မူရာကို စောင့်မျှော်လျက်၊ ယေရုရှလင်မြို့မှ မထွက်မသွားဘဲနေကြလော့။ ယောဟန်သည် ရေနှင့်ဗတ္တိဇံမင်္ဂလာပေးသည်မှန်၏။ သင်တို့မူကား၊ နေ့ရက်များစွာမကြာမီ သန့်ရှင်းသောဝိညာဉ်တော်နှင့် ဗတ္တိဇံမင်္ဂလာကိုခံရကြလိမ့်မည်ဟု မိန့်မှာတော်မူ၏။ သို့နှင့်အညီ၊ တမန်တော်တို့စုဝေးလျက်ရှိနေကြစဉ် အရှင်ဘုရား၊ ကိုယ်တော်သည်ယခုအခါ ဣသရေလအမျိုးသားတို့အား နိုင်ငံကိုပြန်ရစေမည်လောဟုမေးလျှောက်ကြသော်၊ ကိုယ်တော်က ခမည်းတော်ကိုယ်တော်တိုင် ချိန်းချက်ထားတော်မူသောအချိန်ကာလများကို သင်တို့သိရသောအခွင့်မရှိ။ သို့ရာတွင် သင်တို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သည့်အခါ သင်တို့သည်တန်ခိုးရရှိကြသဖြင့် ယေရုရှလင်မြို့၊ ယုဒနယ်၊ ရှမာရိနယ်မှစ၍မြေကြီး အစွန်းအဖျားတိုင်အောင် ငါ့သက်သေများဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူပြီးနောက်၊ တမန်တော်တို့ရှုမြင်ကြစဉ် ချီဆောင်ခြင်းကိုခံတော်မူရာ မိုးတိမ်သည်မျက်ကွယ်အောင်ခံယူလေ၏။ 10 တက်ကြွတော်မူရာ၌ တမန်တော်တို့သည် ကောင်းကင်သို့မော်ကြည့်လျက်နေကြစဉ်၊ ဖွဲ့ဖြူဆင်ယင်သူနှစ်ပါးရပ်လာပြီးလျှင်၊ 11 အချင်းဂါလိလဲနယ်သားတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ကြည့်လျက်နေကြသနည်း။ သင်တို့ထံမှကောင်းကင်သို့ချီဆောင်ခြင်းကို ခံတော်မူသောထိုယေရှုသည် တက်ကြွတော်မူရာ သင်တို့မြင်ရသည့်နည်းတူပင် ဆင်းကြွတော်မူလိမ့်မည်ဟု ပြောဆိုကြ၏။
12 ထိုနောက် တမန်တော်တို့သည်ယေရုရှလင်မြို့နှင့် ဥပုသ်နေ့ခရီးတာမျှသာကွာသော သံလွင်ခေါ်တောင်မှ မြို့တော်သို့ပြန်သွား၍၊ 13 မြို့တွင်းသို့ရောက်သော် တည်းခိုရာအထက်ခန်းသို့တက်ကြ၏။ ပြန်ရောက်သူတို့မှာ ပေတရု၊ ယောဟန်၊ ယာကုပ်၊ အ​ေန္ဒြ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲသား ယာကုပ်၊ ဝံသာနုရှိမုန်၊ ယာကုပ်သားယုဒတို့တည်း။ 14 ထိုသူအပေါင်းတို့သည်တပည့်တော်မများ၊ ယေရှု၏မယ်တော်မာရိ၊ ညီတော်များတို့နှင့်အတူ တညီတညွတ်တည်းအမြဲပဌနာပြုလျက်နေကြ၏။
15 ထိုနေ့ရက်ကာလ ပေတရုသည် တစ်ရာ့နှစ်ဆယ်ခန့်ရှိသောညီအစ်ကိုတို့စုဝေးရာ အလယ်တွင်ရပ်လျက်၊ 16 ညီအစ်ကိုတို့၊ ယေရှုကိုဖမ်းဆီးသူတို့အား လမ်းပြသူယုဒနှင့်စပ်၍ ဒါဝိဒ်မင်းနှုတ်ဖြင့် သန့်ရှင်းသောဝိညာဉ်တော်တင်ရင်ဆင့်ဆိုသည့်ကျမ်းချက်ပြည့်စုံရန် အကြောင်းရှိခဲ့သည်။ 17 ထိုသူသည် ငါတို့တွင်ပါဝင်၍ အမှုတော်ဆောင်အဖြစ်ခံခဲ့ရသည်မှန်သော်လည်း၊ 18 ကိုယ့်ဒုစရိုက်မှုအခဖြင့် လယ်တစ်ကွက်ကိုရပြီးနောက် ဦးစောက်ကျ၍ဝမ်းကွဲလျက် အူရှိသမျှထွက်သည့်အကြောင်းကို၊ 19 ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့ ကြားသိသောကြောင့် ထိုလယ်ကွက်ကို ကိုယ့်ဘာသာဖြင့် သွေးလယ်ဟုဆိုလိုသော အကေလဒမဟုသမုတ်ကြ၏။ 20 ထိုဆာလံကျမ်းချက်ကား သူ့နေရာကိုလူဆိတ်ညံရာဖြစ်ပါစေ၊ နေထိုင်သူမရှိပါစေနှင့်ဟူ၍လည်းေကာင်း၊ သူ့ရာထူးကိုလည်း အခြားသူယူ​ပါစေဟူ၍လည်းေကာင်း လာရှိသတည်း။ 21-22 ထိုကြောင့်ယောဟန့်ထံ ဗတ္တိဇံမင်္ဂလာခံသည်ကစ၍ ငါတို့ထံမှချီဆောင်ခြင်းခံတော်မူသည့်နေ့တိုင်၊ အရှင်ယေရှုသည် ငါတို့တွင်ဝင်ထွက်သွားလာတော်မူသည့်ကာလအတွင်း ငါတို့အပေါင်းပါဖြစ်သူတို့အနက် တစ်ယောက်ကို ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းသက်သေခံဘက်ဖြစ်စေရမည်ဟု ပြောဆို၏။ 23 ထိုအခါ ယုတ္တုအမည်သစ်ရသူဗာရှဗ္ဗခေါ်ယောသပ်နှင့် မဿိတို့ကိုခွဲထုတ်၍၊ 24-25 လူခပ်သိမ်းတို့၏ စိတ်နှလုံးကိုသိတော်မူသော အိုအရှင်ဘုရား၊ ယုဒသည် ဆိုင်ရာနေရာသို့သွားရစေရန် အမှုတော်ဆောင်ရာထူး၊ တမန်တော်ရာထူးမှရွေ့လျော့ဖောက်ပြန်သောကြောင့် ထိုရာထူးကိုဆက်ခံစေခြင်းငှါ၊ ဤသူနှစ်ယောက်တွင် မည်သူ့ကိုရွေးကောက်တော်မူကြောင်းပြတော်မူပါဟု တောင်းလျှောက်ပြီးလျှင်၊ 26 မဲချကြရာ၊ မဿိအပေါ်တွင်ကျသဖြင့် တစ်ဆယ့်တစ်ပါးသောတမန်တော်တို့တွင် ပါဝင်သူဖြစ်သတည်း။