3
ခဲယဉ်းသောကာ​လ
နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်း ဟူမူကား၊- လူတို့သည် ကိုယ်ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊- ပကတိ ကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊- သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊- မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။- ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက်၍၊- အထူးထူးအပြားပြားသော လောဘကိလေသာ သွေးဆောင်ရာသို့လိုက်၍၊ အစဉ်သင်သော်လည်း၊ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သော မိန်းမမိုက်တို့ကို၊ အိမ်ထဲသို့ဝင်၍ ဖမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။- ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကိုဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင်ဆောင်သောသူ ဖြစ်ကြ၏။- ထိုသူနှစ်ယောက်တို့၏ မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာ ထင်ရှားသကဲ့သို့၊ ဤသူတို့၏ မိုက်မဲ ခြင်းသည်လည်း ထင်ရှားလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် တိုး၍ မလွန်မသွားရကြ။
တိမောသေသို့ညွှန်​ကြား​ချက်
10 ငါဆုံးမဩဝါဒပေးခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကိုလည်းကောင်း၊- 11 အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့၌ ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ ခံရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကိုလည်းကောင်း၊ သင်သည် ရှာဖွေနားလည်ရပြီ။ ထိုသို့သော အမှုတို့ကို ငါတွေ့ရသော်လည်း၊ တွေ့သမျှတို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နုတ်တော်မူပြီ။- 12 ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍ နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။- 13 ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတစ်ပါးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း လှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့ တိုးပွားကြလိမ့်မည်။
14 သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကိုလည်းကောင်း၊- 15 ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကိုလည်းကောင်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။- 16 ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊- 17 ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။