တိမောသေဩဝါဒစာပထမစောင်။
1
ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှင့်၊ ငါတို့မျှော်လင့်ခြင်းအကြောင်းဖြစ်သော ယေရှုခရစ်၏ ပညတ်တော်အားဖြင့်၊ ထိုသခင်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊- ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိမောသေကို ကြားလိုက်ပါ၏။ ငါတို့ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိပါစေသော။
မိစ္ဆာ​အ​ယူ​ဝါ​ဒ​အ​တွက်​သတိပေးခြင်း
ခြားနားသော အယူဝါဒသစ်ကို မသွန်သင်ကြနှင့် ဟူ၍လည်းကောင်း၊ ဒဏ္ဍာရီစကားကို နားမထောင်ကြနှင့် ဟူ၍လည်းကောင်း၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်းငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍ မကုန်နိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို ပမာဏမပြုကြနှင့် ဟူ၍လည်းကောင်း၊ သင်သည် အချို့သော သူတို့ကို ပညတ်ထား၍၊- ဧဖက်မြို့၌ နေရစ်စေခြင်းငှာ၊ ငါသည် မာကေဒေါနိပြည်သို့ သွားသောအခါ၊ တောင်းပန်သည်အတိုင်း နေရစ်လော့။
ထိုသို့ ပညတ်ထားခြင်း၏ အချုပ်အခြာမူကား၊ စင်ကြယ်သော စိတ်နှလုံးနှင့်လည်းကောင်း၊ ကိုယ်ကိုယ်ကိုသိသောစိတ် ကြည်လင်ခြင်းနှင့်လည်းကောင်း၊ မှန်သော ယုံကြည်ခြင်းနှင့်လည်းကောင်း၊ စပ်ဆိုင်သော ချစ်ခြင်းမေတ္တာဖြစ်သတည်း။- ထိုသို့သောအကျင့်ကို လူအချို့တို့သည် အမြဲမကျင့်၊ အချည်းနှီးသောစကားပြောခြင်းသို့ လွှဲသွားကြပြီ။ ထိုသူတို့သည် မိမိတို့ပြောသောအရာကို နားမလည်။- အဘယ်သို့သောတရားဘက်၌ မိမိတို့ခိုင်မာစွာ နေသည်ကို မသိဘဲလျက်၊ နိဿရည်းဆရာလုပ်ချင်ကြ သည်တကား။- ပညတ်တရားကို တရားသဖြင့် ကျင့်သောသူအဖို့ မထား၊- မတရားသဖြင့် ကျင့်သောသူ၊ နားမထောင်သောသူ၊- 10 ဘုရားကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူ၊ မသန့်ရှင်းသောသူ၊ ဘုရားတရားကို မရိုမသေပြုသောသူ၊ မိဘကိုညှဉ်းဆဲသောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ယောက်ျားချင်း မေထုန်ကိုပြုသောသူ၊ လူကို ခိုးသွားသောသူ၊ မုသားစကားကို သုံးသောသူ၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုသောသူမှစ၍၊ စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သမျှတို့အဖို့ ပညတ်တရားကို ထားသည်ဟု သိမှတ်၍၊ ထိုတရားကို တရားသဖြင့်သုံးသောသူ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိကြ၏။- 11 ထိုသို့ဆိုသော်၊ မင်္ဂလာရှိတော်မူသော ဘုရားသခင်၏ဘုန်းကြီးသော ဧဝံဂေလိတရားနှင့် ညီသတည်း။
ကျေး​ဇူး​တော်​ကိုချီး​မွမ်း​ခြင်း
12 ထိုတရားကို ငါ၌အပ်ပေးတော်မူသည်ဖြစ်၍၊ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။- 13 ငါသည် ကဲ့ရဲ့သောသူ၊ ညှဥ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ဖူးသော်လည်း၊ သစ္စာရှိသောသူဟု ထိုသခင်သည် မှတ်၍၊ ဓမ္မဆရာအရာ၌ ခန့်ထားတော်မူ၏။ ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲ ပြုသောကြောင့်၊ ကရုဏာတော်ကို ငါခံရပြီ။- 14 ငါတို့သခင်ဘုရား၏ ကျေးဇူးတော်သည်လည်း ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ၊ အတိုင်းထက်အလွန် ကြွယ်ဝပြီ။- 15 ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။- 16 သို့သော်လည်း၊ ထာဝရအသက်အလိုငှာ ယုံကြည်လတ္တံ့သောသူတို့ လိုက်စရာပုံသက်သေ ဖြစ်စေခြင်းငှာ၊ အကြီးဆုံးသောအပြစ်ရှိသော ငါ၌၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကို ပြတော်မူမည်အကြောင်း၊ ငါ့ကိုသနားတော်မူပြီ။- 17 လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တစ်ဆူတည်းသောဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ရှိတော်မူစေသတည်း။ အာမင်။
18 ငါ့သားတိမောသေ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကိုလည်းကောင်း၊ ကိုယ်ကိုယ်ကိုသိသော စိတ်ကြည်လင်ခြင်းကိုလည်းကောင်း စွဲလမ်း၍ ကောင်းသောစစ်ကို တိုက်စေခြင်းငှာ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကို သင်၌ ငါအပ်ပေး၏။- 19 ထိုယုံကြည်ခြင်းမှ စသည်တို့ကို အချို့သောသူတို့သည် ပယ်ပြီးလျှင်၊ ယုံကြည်ခြင်းသင်္ဘောပျက်၍ ဆုံးရှုံးကြပြီ။- 20 ထိုသူတို့တွင် ဟုမေနဲနှင့် အာလေဇန္ဒြု ပါသတည်း။ ထိုသူတို့သည် ကဲ့ရဲ့သောစကားကို ကြဉ်ရှောင်ခြင်းငှာ သင်ရမည်အကြောင်း၊ စာတန်၏လက်သို့ ငါအပ်လိုက်ခဲ့ပြီ။