23
ဒါ​ဝိဒ်​၏​နောက်​ဆုံး​မိန့်​မြွက်​သည့်​စ​ကား​
ဒါဝိဒ်မြွက်ဆိုသော နောက်ဆုံးစကားတည်းဟူသော၊ ယာကုပ်အမျိုး၏ဘုရားသခင့်အခွင့်နှင့် ဘိသိက်ခံရ၍ ဘုန်းကြီးသောသူ၊ ဣသရေလအမျိုး၌ ချိုမြိန်စွာသီချင်းဆိုသော ယေရှဲ၏သား ဒါဝိဒ်မြွက်ဆိုသော ပရောဖက်စကားဟူမူကား၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အားဖြင့် မိန့်တော်မူ၏။ နှုတ်ကပတ်တော်သည် ငါ့လျှာ၌တည်၏။ ဣသရေလအမျိုး၏ဘုရားသခင်၊ ဣသရေလအမျိုး၏ ကျောက်သည် ငါ့အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ လူတို့ကို အုပ်စိုးသောသူသည် တရားသဖြင့်စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည်။ မိုးမအုံ့၊ နေထွက်သော နံနက်အလင်းကဲ့သို့လည်းကောင်း၊ မိုးရွာပြီးမှ နေပေါ်ထွန်းသဖြင့် မြေ၌ပေါက်သော မြက်နုကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။ ငါ့အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ မြဲမြံသည်မဟုတ်လော။ သေချာစွာစီရင်၍ မပျက်နိုင်သော နိစ္စထာဝရပဋိညာဉ်ကို ငါနှင့်ဖွဲ့တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ချင်းမပြည့်စုံသော်လည်း၊ ငါ့ကို ကယ်တင်ရာအကြောင်း၊ ငါအားရနှစ်သက်ရာအကြောင်း ဖြစ်၏။ အဓမ္မလူအပေါင်းတို့မူကား လက်နှင့်မကိုင်သာ၊ ပယ်ရှားရသော ဆူးပင်ကဲ့သို့ ဖြစ်ရကြလိမ့်မည်။ ပယ်ရှားသောသူသည် သံချပ်အင်္ကျီနှင့် လှံတံကို သုံးဆောင်သဖြင့်၊ ဆူးပင်ပေါက်သောအရပ်၌ပင် ရှင်းရှင်းမီးရှို့ရသတည်း။
ဒါ​ဝိဒ်​၏​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​များ
(၅ရာ၊ ၁၁:၁၀-၄၁)
ဒါဝိဒ်၏ အမှုတော်ထမ်းသူရဲကြီးတို့၏အမည်များဟူမူကား၊ ဟပ္ပေါနိအမျိုး ယာ​​ရှောဘံသည် ဗိုလ်ချုပ်ဖြစ်၏။ ထိုသူသည် လှံကိုကိုင်လျက် လူသုံးရာကို တစ်ခါတည်းတိုက်၍ လုပ်ကြံလေ၏။ သူနောက်မှာ အဟောဟိအမျိုး ဒေါဒေါသားဧလာဇာသည် ဒါဝိဒ်နှင့်အတူလိုက်သော သူရဲသုံးယောက်အဝင် ဖြစ်၏။ စစ်တိုက်ခြင်းငှာစုဝေးသော ဖိလိတ္တိလူတို့ကို ကြိမ်းပ၍ ဣသရေလလူတို့သည် ဆုတ်သွားသောအခါ၊ 10 ထိုသူသည် လက်ညောင်း၍ ဓား၌မှီလျက်နေရသည်တိုင်အောင် ထ၍ ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ထိုနေ့၌ ကြီးစွာသော အောင်မြင်ခြင်းကို ပြုတော်မူ၍၊ သူတို့သည် ရန်သူတို့၏ဥစ္စာကို လုယူခြင်းငှာသာ ပြန်လာကြ၏။ 11 သူ့နောက်မှာ ဟရရိအမျိုး အာဂိ၏သားရှမ္မသည်ရှိ၏။ ဖိလိတ္တိလူတို့သည် ပြောင်းစပါးစိုက်သောလယ်ကွက်၌ စုဝေး၍၊ ဣသရေလလူတို့သည် ပြေးကြသောအခါ၊ 12 ထိုသူသည် လယ်ကွက်အလယ်၌ရပ်၍ စောင့်မလျက် ဖိလိတ္တိလူတို့ကိုလုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ကြီးစွာသောအောင်ခြင်းကို ပြုတော်မူ၏။ 13 ဗိုလ်စုအဝင်သုံးယောက်တို့သည် စပါးရိတ်ရာကာလ၌၊ ဒါဝိဒ်ရှိရာ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့သည် ရေဖိမ်ချိုင့်၌ တပ်ချလျက်ရှိကြ၏။ 14 ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိလူတို့သည် ဗက်လင်မြို့၌ တပ်ချကြ၏။ 15 ဒါဝိဒ်ကလည်း၊ တစ်စုံတစ်ယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်၍ ငါ့အားပေးပါစေသောဟု တောင့်တသောစိတ်နှင့် ဆိုသော်၊ 16 ထိုသူရဲသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက်၍ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကိုခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း၊ ဒါဝိဒ်သည်မသောက်ဘဲ ထာဝရဘုရားရှေ့တော်၌သွန်းလျက်၊ 17 အိုထာဝရဘုရား၊ ဤရေကို သောက်သောအမှုသည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် ကိုယ်အသက်ကိုမနှမြောဘဲ သွားသောသူတို့၏ အသွေး ဖြစ်ပါသည်မဟုတ်ပါလောဟု လျှောက်၍ မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့သောအမှုတို့ကို ပြုကြ၏။ 18 ဇေရုယာသား ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက်တွင် အကြီးဖြစ်၏။ သူသည် လှံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲသုံးယောက်အဝင် နေရာရသတည်း။ 19 သူရဲသုံးယောက်တွင် အမြတ်ဆုံးဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော်လည်း ပထမသူရဲသုံးယောက်တို့ကို မမီ။ 20 အထူးသဖြင့် ပြုဖူးသော ကပ်ဇေလမြို့သား သူရဲယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့နှင့်တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်းကာလ၌လည်း အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကို သတ်၏။ 21 ထူးခြားသောအဲဂုတ္တုလူကိုလည်း သတ်၏။ အဲဂုတ္တုလူသည် လှံကိုကိုင်သော်လည်း၊ ဗေနာယသည် တောင်ဝှေးကိုသာကိုင်လျက်သွား၍ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင်၊ ထိုလှံနှင့် သူ့ကိုသတ်၏။ 22 ထိုသို့သောအမှုတို့ကို ယောယဒသားဗေနာယပြု၍ သူရဲသုံးယောက်အဝင်နေရာကို ရ၏။ 23 ဗိုလ်များထက်သာ၍ မြတ်သော်လည်း၊ ပထမသူရဲသုံးယောက်တို့ကို မမီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ်အရာကိုလည်း ပေး၏။ 24 ယွာဘညီ အာသဟေလသည်လည်း ဗိုလ်စုအဝင်ဖြစ်၏။ ထိုအတူ ဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊ 25 ဟရောဒိအမျိုး ရှမ္မ၊ ဟရောဒိအမျိုး ဧလိက၊ 26 ဖာလတိအမျိုး ဟေလက်၊ တေကောအမျိုး ဣကေရှ၏သားဣရ၊ 27 အနေသောသိအမျိုး အဗျေဇာ၊ ဟုရှသိအမျိုး မေဗုန္နဲ၊ 28 အဟောဟိအမျိုး ဇာလမုန်၊ နေတောဖာသိအမျိုး မဟာရဲ၊ 29 နေတာဖာသိအမျိုး ဗာနာသားဟေလက်၊ ဗင်္ယာမိန်အမျိုး ဂိဗာမြို့နေ၊ ရိဘဲ၏သားအိတ္တဲ၊ 30 ပိရသောနိအမျိုး ဗေနာယ၊ ဂါရှချိုင့်သား ဟိဒ္ဒဲ၊ 31 အာဗသိအမျိုး အဗျာလဗုန်၊ ဗာဟုမိအမျိုး အာဇမာဝက်၊ 32 ရှာလဗောနိအမျိုး ဧလျာဘ၊ ယာရှင်၏သားတို့တွင် ယောနသန်၊ 33 ဟာရရိအမျိုး ရှမ္မ၊ ဟာရရိအမျိုး ရှာရ၏သားအဟိအံ၊ 34 မာခါသိအမျိုး အဟသဘဲ၏သား ဧလိဖလက်၊ ဂိလောနိအမျိုး အဟိသောဖေလ၏သား ဧလျံ၊ 35 ကရမေလအမျိုး ဟေဇရဲ၊ အာဘိအမျိုး ဖာရဲ၊ 36 ဇောဘအမျိုး နာသန်၏သားဣဂါလ၊ ဂဒ်အမျိုးဗာနိ၊ 37 အမ္မုန်အမျိုး ဇေလက်၊ ဇေရုယာ၏သား ယွာဘ၏လက်နက်ဆောင်လုလင် ဗေရောသိအမျိုး နဟာရဲ၊ 38 ဣသရိအမျိုး ဣရ၊ ဣသရိအမျိုး ဂါရက်၊ 39 ဟိတ္တိအမျိုး ဥရိယ၊ ပေါင်းသုံးဆယ်ခုနစ်ယောက်တည်း။