13
အာ​မ​နုန်​နှင့်​တာ​မာ​
ဒါဝိဒ်၏သား အဗရှလုံ၌ တာမာအမည်ရှိသော အဆင်းလှသောနှမတစ်ယောက်ရှိ၏။ ဒါဝိဒ်၏သား အာမနုန်သည် ထိုနှမကို ချစ်လေ၏။ ချစ်အားကြီးသောကြောင့် နာ၍နေ၏။ နှမတော်သည် အပျိုကညာဖြစ်၏။ သူ၌အဘယ်သို့ အလိုပြည့်စုံမည်ကို အာမနုန်သည် ကြံ၍မရနိုင်။ ဒါဝိဒ်အစ်ကို ရှိမာသား ယောနဒပ်သည် အာမနုန်၏အဆွေခင်ပွန်းဖြစ်၏။ ထိုယောနဒပ်သည် လိမ္မာသောသူဖြစ်၏။ ကိုယ်တော်သည် ရှင်ဘုရင်၏သားတော်ဖြစ်လျက် အဘယ်ကြောင့် တစ်နေ့ထက်တစ်နေ့ ပိန်ချုံးတော်မူသနည်း။ ကျွန်တော်ကို မပြောချင်သလောဟု မေးလျှင်၊ အာမနုန်က၊ ငါ့ညီအဗရှလုံ၏ နှမတာမာကို တပ်သောစိတ်ရှိသည်ဟု ပြန်ပြော၏။ ယောနဒပ်ကလည်း၊ ခုတင်ပေါ်မှာ တုံးလုံးနေ၍ နာဟန်ဆောင်ပါ။ ခမည်းတော်သည် အကြည့်အရှု ကြွလာတော်မူသောအခါ၊ အကျွန်ုပ်နှမတာမာလာ၍ ကျွေးမွေးပါစေ။ သူချက်သော စားစရာကို အကျွန်ုပ်သည်မြင်၍ သူလက်၌စားရမည်အကြောင်း၊ အကျွန်ုပ်ရှေ့မှာ ချက်ပါစေဟု အခွင့်တောင်းရမည်ဟု အကြံပေးသည်အတိုင်း၊ အာမနုန်သည် တုံးလုံးနေ၍ နာဟန်ပြု၏။ ရှင်ဘုရင်သည် အကြည့်အရှု ကြွလာတော်မူသောအခါ၊ အာမနုန်က၊ အကျွန်ုပ်နှမတာမာ လာပါစေ။ သူလက်၌ အကျွန်ုပ်သည် စားရမည်အကြောင်း၊ အကျွန်ုပ်ရှေ့မှာ မုန့်ပြားနှစ်ပြားကိုလုပ်ပါစေဟု ရှင်ဘုရင်အား အခွင့်တောင်းလေ၏။ ဒါဝိဒ်သည်လည်း တာမာအိမ်သို့ လူကိုစေလွှတ်၍၊ သင်၏မောင် အာမနုန်အိမ်သို့ သွားပြီးလျှင် စားစရာကိုချက်ပေးပါဟု မှာလိုက်သည်အတိုင်း၊ တာမာသည် မောင်အာမနုန်အိမ်သို့သွား၍ အာမနုန်သည် တုံးလုံးနေ၏။ တာမာသည် မုန့်ညက်ကိုယူ၍ နယ်ပြီးမှ၊ မောင်ရှေ့မှာ မုန့်ပြားတို့ကိုလုပ်၍ ဖုတ်လေ၏။ ပန်းကန်ပြားကိုလည်းယူ၍ အာမနုန်ရှေ့မှာလောင်းထားသော်လည်း သူသည်မစားဘဲ လူအပေါင်းတို့ကို ငါ့ထံမှထွက်သွားစေဟု ဆိုသဖြင့်၊ လူအပေါင်းတို့သည် ထွက်သွားကြ၏။ 10 တာမာအားလည်း၊ သင့်လက်၌ ငါစားရအောင် အခန်းထဲသို့ယူခဲ့လော့ဟု ဆိုသည်အတိုင်း၊ တာမာသည် မိမိလုပ်သောမုန့်ပြားတို့ကိုယူ၍ မောင်အာမနုန်ရှိရာ အခန်းထဲသို့ဝင်လေ၏။ 11 ထိုသို့ အာမနုန်စားစရာဖို့ ယူခဲ့သောအခါ၊ သူသည် နှမလက်ကိုဆွဲ၍၊ ငါ့နှမ၊ ငါနှင့်အိပ်ပါဟု ဆို၏။ 12 တာမာကလည်း မပြုပါနှင့် ငါ့မောင်။ ငါ့ကို မရှုတ်ချပါနှင့်။ ဣသရေလအမျိုး၌ ဤသို့သောအမှုကို မပြုသင့်၊ ဤအမှုဆိုးကို မပြုပါနှင့်။ 13 ပြုလျှင် ငါသည်ရှက်ခြင်းနှင့် အဘယ်သို့ ကင်းလွတ်မည်နည်း။ သင်သည်လည်း ဣသရေလအမျိုး၌ လူမိုက်ကဲ့သို့ဖြစ်လိမ့်မည်။ သို့ဖြစ်၍ ရှင်ဘုရင်ကို လျှောက်ပါလော့။ လျှောက်လျှင် မပေးစားဘဲ နေတော်မမူပါဟု ပြောဆိုသော်လည်း၊ 14 အာမနုန်သည် နားမထောင်။ နှမထက်အားကြီးသဖြင့် အနိုင်ပြု၍ အိပ်လေ၏။ 15 တစ်ဖန် အာမနုန်သည် နှမကိုအလွန်မုန်းပြန်၏။ အရင် ချစ်အားကြီးသည်ထက် မုန်းအားသာ၍ကြီးသဖြင့်၊ သင်ထ၍သွားတော့ဟု ဆို၏။ 16 နှမကလည်း အကြောင်းမရှိပါ။ ငါ၌ပြုဖူးသောအပြစ်ထက် ယခုနှင်ထုတ်သောအပြစ် သာ၍ကြီးသည်ဟု ဆိုသော်လည်း၊ အာမနုန်သည် နားမထောင်။ 17 အစေခံကျွန်တစ်ယောက်ကို ခေါ်၍ ဤမိန်းမကိုနှင်ထုတ်လော့။ သူနောက်မှာ တံခါးကျင်ထိုးလော့ဟု စီရင်၏။ 18 အပျိုကညာဖြစ်သော ရှင်ဘုရင်၏သမီးတော် ဝတ်တတ်သည်အတိုင်း၊ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဝတ်လျက်ရှိသော တာမာကို အစေခံကျွန်သည်နှင်ထုတ်၍ သူနောက်မှာ တံခါးကျင်ထိုးလေ၏။ 19 တာမာသည်လည်း ခေါင်းပေါ်မှာ ပြာကိုတင်၍ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဆုတ်ပြီးမှ၊ ခေါင်းပေါ်၌လက်တင်၍ ငိုကြွေးလျက် ပြန်သွား၏။ 20 မောင်ရင်းအဗရှလုံကလည်း၊ ငါ့အစ်ကိုအာမနုန်သည် သင်နှင့်အတူရှိပြီလော။ သို့သော်လည်းငါ့နှမ တိတ်ဆိတ်စွာနေလော့။ သူသည် သင်၏မောင်ဖြစ်၏။ ဤအမှုကိုမမှတ်နှင့်ဟု ဆိုသော်၊ တာမာသည် မိမိမောင်အဗရှလုံအိမ်၌ ဆိတ်ညံစွာနေ၏။ 21 ဒါဝိဒ်မင်းကြီးသည် ထိုအမှုအလုံးစုံကို ကြားသိသောအခါ၊ အလွန်အမျက်ထွက်၏။ 22 အဗရှလုံသည် အစ်ကိုအာမနုန်အား ကောင်းသောစကား၊ မကောင်းသောစကားကို မပြော။ သို့ရာတွင် နှမတာမာကိုရှုတ်ချသောကြောင့် အငြိုးထား၏။
အ​ဗ​ရှ​လုံ​လက်​စား​ချေခြင်း​
23 ထိုနောက် နှစ်နှစ်စေ့သောအခါ အဗရှလုံသည် ဧဖရိမ်မြို့အနား၊ ဗာလဟာဇော်ရွာမှာ သိုးမွေးညှပ်ပွဲကိုခံ၍ ရှင်ဘုရင်၏သားတော်အပေါင်းတို့ကို ခေါ်ဖိတ်လေ၏။ 24 အဗရှလုံသည်လည်း ရှင်ဘုရင်ထံတော်သို့သွား၍၊ ကိုယ်တော်ကျွန်သည် သိုးမွေးညှပ်ပွဲကို ခံပါ၏။ ကျွန်များတို့ကိုခေါ်၍ ကိုယ်တော်ကျွန်နှင့်အတူ ကိုယ်တော်တိုင်ကြွတော်မူပါဟု လျှောက်လျှင်၊ 25 ရှင်ဘုရင်က မသွားသင့်ငါ့သား၊ လူအပေါင်းတို့ကို မသွားစေနှင့်။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆိုသဖြင့်၊ အဗရှလုံ သွေးဆောင်သော်လည်း ကိုယ်တော်တိုင်မလိုက်ဘဲ ကောင်းချီးပေး၏။ 26 အဗရှလုံကလည်း၊ လိုက်တော်မမူလျှင်၊ နောင်တော်အာမနုန် လိုက်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က အဘယ်ကြောင့် လိုက်စေရမည်နည်းဟု ဆိုသော်လည်း၊ 27 အဗရှလုံပူဆာသောကြောင့် အာမနုန်မှစ၍ သားတော်ရှိသမျှ လိုက်ရသောအခွင့်ကို ပေးတော်မူ၏။ 28 အဗရှလုံကလည်း၊ အာမနုန်သည် စပျစ်ရည်ကိုသောက်၍ ရွှင်လန်းသောအခါ စောင့်နေကြ။ အာမနုန်ကို ထိုးခုတ်ကြဟု ငါဆိုသောအခါ၊ သေအောင်လုပ်ကြံကြ။ မစိုးရိမ်ကြနှင့်။ ငါစီရင်သည် မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု မိမိကျွန်တို့အား မှာထားနှင့်သည်အတိုင်း၊ 29 သူတို့သည် အာမနုန်ကို ပြုကြ၏။ ထိုအခါ ရှင်ဘုရင်၏ သားတော်အပေါင်းတို့သည် ထ၍ လားကိုစီးလျက် ပြေးသွားကြ၏။ 30 သူတို့မရောက်မီ အခြားသူလာ၍၊ အဗရှလုံသည် အရှင်မင်းကြီး၏သားတော်အပေါင်းတို့ကို သတ်ပါပြီ။ တစ်ယောက်မျှ မကျန်ကြွင်းပါဟု နားတော်လျှောက်လေ၏။ 31 ရှင်ဘုရင်သည်ထ၍ အဝတ်တော်ကိုဆုတ်လျက် မြေပေါ်မှာ တုံးလုံးနေ၏။ ကျွန်တော်အပေါင်းတို့သည်လည်း၊ မိမိတို့အဝတ်ကိုဆုတ်လျက် အနားတော်၌နေကြ၏။ 32 ဒါဝိဒ်အစ်ကို ရှိမာ၏သားယောနဒပ်က၊ အရှင်မင်းကြီး၏ သားတော်အပေါင်းတို့ကို သတ်လေပြီဟူသောစကားကို ယုံတော်မမူပါနှင့်။ အာမနုန်တစ်ယောက်တည်းသာ သေပါပြီ။ အဗရှလုံနှမ တာမာကို အာမနုန်သည် ရှုတ်ချသောနေ့မှစ၍ ဤအမှုကိုသူ၏ မောင်စီရင်ပါပြီ။ 33 ယခုမှာ ကျွန်တော်သခင်အရှင်မင်းကြီး၏ သားတော်အပေါင်းတို့သည် သေကြပြီဟုထင်လျက် စိတ်ညှိုးငယ်တော် မမူပါနှင့်။ အာမနုန်တစ်ယောက်တည်းသာ သေ၍ အဗရှလုံလည်း ပြေးပါလိမ့်မည်ဟု လျှောက်လေ၏။ 34 ထိုအခါ ကင်းစောင့်လုလင်သည် မျှော်ကြည့်၍၊ မိမိနောက်၌ တောင်ခြေရင်းလမ်းမှာ လူများလာသည်ကို မြင်၏။ 35 ယောနဒပ်ကလည်း၊ အရှင်မင်းကြီး၏သားတော်တို့သည် လာကြပါပြီ။ ကိုယ်တော်ကျွန်ပြောသောစကား မှန်ပါ၏ဟု လျှောက်သည်အဆုံး၌၊ 36 ရှင်ဘုရင်၏သားတော်တို့သည်ရောက်လာ၍ အသံကိုလွှင့်လျက် ငိုကြွေးကြ၏။ ရှင်ဘုရင်နှင့် ကျွန်တော်အပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ၏။ 37 အဗရှလုံသည် ပြေး၍ ဂေရှုရမင်းကြီးအမိဟုဒ်သား တာလမဲထံသို့ သွား၏။ ဒါဝိဒ်သည် မိမိသားကြောင့် နေ့တိုင်း ငိုကြွေးမြည်တမ်းလေ၏။Ref ၁၃:၃၇။ ၂ရာ ၃:၃။ 38 အဗရှလုံသည် ဂေရှုရမြို့သို့ ပြေးပြီးမှ သုံးနှစ်နေ၏။ 39 တစ်ဖန် ဒါဝိဒ်မင်းကြီးသည် အာမနုန်သေသောကြောင့်၊ ထိုသူကို အောက်မေ့သောစိတ်အားလျော့သဖြင့် အဗရှလုံကို လွမ်းဆွတ်လျက်နေ၏။