12
နာ​သန်​၏ဆုံးမခြင်းနှင့်​ဒါ​ဝိဒ်​၏​နောင်​တ
နောက်တစ်ဖန် ထာဝရဘုရားသည် ပရောဖက်နာသန်ကို ဒါဝိဒ်ထံသို့ စေလွှတ်တော်မူသဖြင့်၊ နာသန်သည်ဝင်၍၊ အရှင်မင်းကြီး၊ ဤမည်သောမြို့တွင် သူဌေးတစ်ဦး၊ ဆင်းရဲသားတစ်ဦးရှိပါ၏။Ref ၁၂:၁။ ဆာ ၅၁ ခေါင်းစဉ်။ သူဌေးသည် အလွန်များစွာသော သိုးနွားမှစသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။ ဆင်းရဲသားမူကား၊ မိမိဝယ်၍ မွေးစားသောသိုးမကလေး တစ်ကောင်တည်းမှတစ်ပါး တခြားသောဥစ္စာမရှိပါ။ ထိုသိုးမကလေးသည် အရှင်နှင့်လည်းကောင်း၊ အရှင်၏ သားသမီးတို့နှင့်လည်းကောင်း ပေါင်း၍ ကြီးပွား၏။ အရှင်၏အစာကို စားတတ်၏။ အရှင်၏ရေခွက်၌ သောက်တတ်၏။ အရှင်၏ရင်ခွင်၌အိပ်၍ သမီးကဲ့သို့ဖြစ်၏။ သူဌေးအိမ်သို့ ဧည့်သည်တစ်ဦးရောက်၍ သူဌေးသည် ဧည့်သည်ကိုလုပ်ကျွေးဖို့ မိမိသိုးနွားများကို နှမြောသောကြောင့် မယူ၊ ဆင်းရဲသား၏ သိုးမကလေးကိုယူ၍ ဧည့်သည်ကိုလုပ်ကျွေးဖို့ ချက်ပါသည်ဟု လျှောက်လေသော်၊ ဒါဝိဒ်သည် ထိုသူဌေးကို ပြင်းစွာအမျက်ထွက်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ထိုသို့ပြုသောသူသည် အမှန်သေရမည်။ ကရုဏာစိတ်မရှိဘဲ ထိုအမှုကိုပြုသောကြောင့်၊ ထိုသိုးမကလေးအတွက် လေးဆပြန်ပေးရမည်ဟု မိန့်တော်မူ၏။ နာသန်ကလည်း၊ ထိုသူသည်ကား အခြားသူမဟုတ်။ ကိုယ်တော်ပင် ဖြစ်ပါ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဘိသိက်ပေး၍ သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားပြီ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ။ သင့်သခင်၏ အဆွေအမျိုးကိုလည်းကောင်း၊ သင့်သခင်၏မယားတို့ကိုလည်းကောင်း၊ သင်၏ရင်ခွင်၌ ငါအပ်ပေးပြီ။ ဣသရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ။ ထိုအရာများမလောက်လျှင် အခြားတစ်ပါးသောအရာရာတို့ကို ပေးခြင်းငှာ ငါအလိုရှိ၏။ သင်သည် ထာဝရဘုရား၏ ပညတ်တရားတော်ကိုမထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ဓားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသားဓားနှင့် သတ်လေပြီတကား။ 10 ယခုမှာသင်သည် ငါ့ကိုမထီမဲ့မြင်ပြု၍ ဟိတ္တိလူ၊ ဥရိယ၏မယားကိုသိမ်းသောကြောင့်၊ သင့်အဆွေအမျိုးတို့သည် ဓားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။ 11 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၌ ရန်ဘက်ပြုသောသူကို သင်၏အဆွေအမျိုးတို့အထဲက ငါပေါ်စေမည်။ သင့်မျက်မှောက်တွင် သင်၏မယားတို့ကိုငါယူ၍ သင့်အိမ်နီးချင်း၌အပ်သဖြင့်၊ သူသည် နေရှေ့မှာ သင်၏မယားတို့နှင့် ပေါင်းဖော်လိမ့်မည်။ 12 သင်သည် ဤအမှုကို မထင်မရှားပြုသော်လည်း၊ နေရှေ့မှာငါလှန်ပြမည်ဟု ထာဝရဘုရားမိန့်တော်မူသောစကားကို ပြန်ကြားလေ၏။Ref၁၂:၁၁-၁၂။ ၂ရာ ၁၆:၂၂။ 13 ဒါဝိဒ်ကလည်း၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အားဝန်ချ၍ နာသန်က၊ အသက်တော်ကို ချမ်းသာစေခြင်းငှာ၊ ထာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ။ 14 သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှားသောအားဖြင့်၊ ကဲ့ရဲ့စရာအခွင့်ကြီးကို ထာဝရဘုရား၏ရန်သူတို့အားပေးသောကြောင့်၊ ယခုမြင်သောသားသည် ဆက်ဆက်သေရမည်ဟု ဒါဝိဒ်အားလျှောက်ဆိုပြီးလျှင်၊
ဒါ​ဝိဒ်​၏​သား​ငယ်​သေ​ဆုံး​ခြင်း​
15 နန်းတော်မှ ထွက်သွားသောနောက်၊ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ဥရိယမယားတွင် ဖွားမြင်သောဒါဝိဒ်၏သားသည် ပြင်းစွာသောဝေဒနာကို ခံရ၏။ 16 ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ၏။ အစာကိုရှောင်လျက်၊ အထဲသို့ဝင်၍ တစ်ညလုံးမြေပေါ်မှာ အိပ်လျက်နေ၏။ 17 နန်းတော်သား အသက်ကြီးသူတို့သည်ထ၍ ကိုယ်တော်ကို ချီကြွအံ့သောငှာ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည်ငြင်းပယ်၍ သူတို့နှင့်အတူ အစာမစားဘဲနေ၏။ 18 ခုနစ်ရက်စေ့သော် သူငယ်သေ၏။ ဒါဝိဒ်၏ကျွန်တို့ကလည်း၊ သူငယ်အသက်ရှင်စဉ်အခါ ငါတို့လျှောက်သောစကားကို နားထောင်တော်မမူသည်ဖြစ်၍၊ သူငယ်သေကြောင်းကို လျှောက်လျှင် အလွန်ကိုယ်ကိုယ်ကို ညှဉ်းဆဲတော်မူလိမ့်မည်ဟုဆိုလျက် သူငယ်သေကြောင်းကို မလျှောက်ဝံ့ကြ။ 19 သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည်ကြားလျှင်၊ သူငယ်သေကြောင်းကိုရိပ်မိသဖြင့်၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ၏။ သူတို့ကလည်း သေပါပြီဟု လျှောက်ကြ၏။ 20 ထိုအခါ ဒါဝိဒ်သည် မြေမှထ၍ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်လဲခြင်းကို ပြုပြီးလျှင်၊ ထာဝရဘုရား၏ အိမ်တော်သို့သွား၍ ကိုးကွယ်၏။ ထိုနောက် နန်းတော်သို့ပြန်လာ၍ စားစရာကိုတောင်းသောအခါ၊ ကျွန်တို့သည် စားပွဲတော်ကိုပြင်၍ မင်းကြီးသည် စားတော်မူ၏။ 21 ကျွန်တို့ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်း။ သူငယ်အသက်ရှင်စဉ်အခါ၊ သူငယ်အတွက် အစာရှောင်လျက် ငိုကြွေးလျက် နေတော်မူ၏။ သူငယ်သေသောအခါ ထ၍ စားတော်ခေါ်ပါသည်တကားဟု လျှောက်လျှင်၊ 22 ဒါဝိဒ်က၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကိုသနားတော်မူ၍၊ သူငယ်အသက်ကို ချမ်းသာပေးတော်မူမည် မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည်အစာရှောင်၍ ငိုကြွေးလျက်နေ၏။ 23 ယခုမှာ သူငယ်သေပြီ။ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ သူငယ်ကိုပြန်၍ ဆောင်ခဲ့နိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ သူသည် ငါရှိရာသို့ မပြန်မလာရဟု မိန့်တော်မူ၏။
ရှော​လ​မုန်​မွေး​ဖွား​ခြင်း​
24 တစ်ဖန် ဒါဝိဒ်သည် ခင်ပွန်းဗာသရှေဘကို နှစ်သိမ့်စေသဖြင့်၊ သူ့ထံသို့ဝင်၍ ဆက်ဆံလေ၏။ သူသည်လည်း သားယောက်ျားကို ဖွားမြင်၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ၏။ 25 ထာဝရဘုရားသည် ထိုသူငယ်ကိုချစ်၍ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက်နာသန်ကို စေခိုင်း၍ ယေဒိဒိအမည်ဖြင့် မှည့်တော်မူ၏။
ရဗ္ဗာ​မြို့​ကို​သိမ်း​ယူ​ခြင်း
(၅ရာ ၂၀:၁-၃)
26 ယွာဘသည်လည်း အမ္မုန်ပြည်၊ ရဗ္ဗာမြို့ကိုတိုက်၍ မြို့တော်ကိုရပြီးမှ၊ 27 ဒါဝိဒ်ထံတော်သို့ လူကိုစေလွှတ်၍၊ ကျွန်တော်သည် ရဗ္ဗာမြို့ကိုတိုက်၍ ကန်တော်ရှိရာမြို့ကိုရပါပြီ။ 28 ယခုမှာ ကြွင်းသောလူတို့ကို စုဝေးစေသဖြင့်၊ မြို့နားမှာ တပ်တော်ချ၍ တိုက်ယူတော်မူပါ။ သို့မဟုတ် ကျွန်တော်ယူ၍ ကျွန်တော်အမည်ဖြင့် မြို့ကို သမုတ်ကြလိမ့်မည်ဟု လျှောက်လျှင်၊ 29 ဒါဝိဒ်သည် လူအပေါင်းတို့ကို စုဝေးစေသဖြင့်၊ ရဗ္ဗာမြို့သို့ ချီသွား၍ တိုက်ယူလေ၏။ 30 မင်းကြီး၏သရဖူကိုချွတ်ယူ၍ ခေါင်းတော်ပေါ် မှာတင်ကြ၏။ သရဖူအချိန်ကား ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တစ်ဆယ် ရှိသတည်း။ မြို့၌လုယူသော ဥစ္စာအများကိုလည်း ထုတ်လေ၏။ 31 မြို့သားတို့ကိုလည်း ထုတ်ဆောင်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို၌လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှင်လင်မြို့သို့ ပြန်လေ၏။