ဓမ္မရာဇဝင်ဒုတိယစောင်။
1
ရှော​လု​ကွယ်​လွန်​ကြောင်း​ဒါ​ဝိဒ်​သိ​ခြင်း
ရှောလုသေသောနောက်၊ ဒါဝိဒ်သည် အာမလက်လူတို့ကို လုပ်ကြံရာမှပြန်လာ၍၊ ဇိကလတ်မြို့၌ နှစ်ရက်နေပြီးလျှင်၊ သုံးရက်မြောက်သောနေ့တွင် လူတစ်ယောက်သည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက်၊ ရှောလုတပ်ကလာ၍၊ ဒါဝိဒ်ထံသို့ရောက်သော်၊ မြေပေါ်မှာ ပျပ်ဝပ်လျက်ရှိခိုး၏။ ဒါဝိဒ်ကလည်း၊ အဘယ်အရပ်က လာသနည်းဟုမေးလျှင်၊ ထိုသူက ကျွန်တော်သည် ဣသရေလတပ်က ပြေး၍လာပါသည်ဟု လျှောက်လေ၏။ ဒါဝိဒ်ကလည်း၊ အမှုကား အဘယ်သို့နည်း။ ငါ့အားပြောပါလော့ဟု မေးလျှင်၊ သူက ဣသရေလလူတို့သည် စစ်တိုက်ရာတွင်ပြေး၍ အများတို့သည် လဲလျက်သေပါပြီ။ ရှောလုနှင့် သားတော်ယောနသန်လည်း သေပါပြီဟု ပြန်လျှောက်လေ၏။ ထိုသတင်းကိုကြားပြောသော လုလင်အား ဒါဝိဒ်က၊ ရှောလုနှင့် သားတော်ယောနသန်သေကြောင်းကို သင်သည်အဘယ်သို့ သိသနည်းဟုမေးပြန်လျှင်၊ ထိုလုလင်က၊ ကျွန်တော်သည် ဂိလဗောတောင်ပေါ်သို့ အလိုလိုရောက်သောအခါ၊ ရှောလုသည် လှံတော်ကိုမှီထောက်လျက်နေပါ၏။ ရထားစီးသူရဲ မြင်းစီးသူရဲတို့သည် ပြင်းထန်စွာလိုက်ကြ၏။ ရှောလုသည် နောက်တော်သို့ ကြည့်သဖြင့် ကျွန်တော်ကိုမြင်၍ ခေါ်ပါ၏။ ကျွန်တော်ရှိပါသည်ဟု လျှောက်သောအခါ၊ သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်တော်သည် အာမလက်လူဖြစ်ပါသည်ဟု ပြန်လျှောက်ပါ၏။ ရှောလုကလည်း၊ ငါ့ထံသို့လာ၍ ငါ့ကိုသတ်ပါတော့။ ငါ့အသက်မသေနိုင်သောကြောင့် ပြင်းစွာသောဝေဒနာကို ခံရ၏ဟုဆိုသည်အတိုင်း၊ 10 လဲသောနောက် အသက်မရှင်နိုင်သည်ကို ကျွန်တော်သိလျှင် သူ့ထံသို့သွား၍ သတ်ပါ၏။ ခေါင်းတော်၌ဆောင်းသော ဦးရစ်နှင့် လက်ရုံးတော်၌ဝတ်သော လက်ကောက်ကို ချွတ်ယူပြီးလျှင်၊ ကျွန်တော်သခင့်ထံတော်သို့ ဆောင်ခဲ့ပါသည်ဟု လျှောက်လေ၏။ 11 ထိုအခါ ဒါဝိဒ်သည် မိမိအဝတ်ကိုဆွဲဆုတ်၍၊ သူ၏လူအပေါင်းတို့သည် ထိုနည်းတူပြုကြ၏။Ref ၁:၁၀ ၁ရာ ၃၁:၁-၆။ ၅ရာ၊ ၁၀:၁-၆၊ ၁:၁၈။ 12 ရှောလုမှစ၍ သားတော်ယောနသန်၊ ထာဝရဘုရား၏လူများ၊ ဣသရေလအမျိုးသားတို့သည် ဓားဖြင့်လဲသေသောကြောင့်၊ သူတို့အတွက် ညဉ့်ဦးတိုင်အောင် ငိုကြွေးမြည်တမ်း၍ အစာကိုရှောင်ကြ၏။ 13 ထိုသတင်းကိုကြားပြောသော လုလင်အား ဒါဝိဒ်က၊ သင်သည် အဘယ်အရပ်ကလာသနည်းဟုမေးလျှင်၊ ထိုသူက ကျွန်တော်သည် တစ်ပါးအမျိုးသားအာမလက်လူဖြစ်ပါ၏ဟု ပြန်လျှောက်သော်၊ 14 ဒါဝိဒ်က၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို သတ်ခြင်းငှာ သင့်လက်ကို အဘယ်သို့ဆန့်ဝံ့သနည်းဟု ဆိုလျက်၊ 15 လုလင်တစ်ယောက်ကို ခေါ်၍၊ သူ့ကို သွားသတ်တော့ဟု ဆိုသည်အတိုင်း၊ လုလင်သည် လုပ်ကြံ၍သတ်လေ၏။ 16 ဒါဝိဒ်ကလည်း၊ သင်၏အသွေးသည် သင့်ခေါင်းပေါ်မှာ တည်စေ။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို ကျွန်တော်သတ်ပါပြီဟု သင့်နှုတ်သည် သင့်ဘက်၌ သက်သေခံလေပြီဟု ဆို၏။
ဒါ​ဝိဒ်​၏​ငိုကြွေးမြည်တမ်းခြင်း
17 ဒါဝိဒ်သည် ရှောလုနှင့်သားတော် ယောနသန်ကြောင့် ငိုကြွေးမြည်တမ်း၍၊ 18 ယုဒအမျိုးသားတို့အား သင်စေသော လေးသီချင်းတည်းဟူသော ယာရှာစာ၌ပါသော သီချင်းစကား ဟူမူကား၊Ref ၁:၁၈။ ယောရှု ၁၀:၁၃။ 19 အိုဣသရေလ ဂုဏ်အသရေ၊ သင်၏မြင့်သောအရပ်တို့၌ သင်သည် အသေခံလေပြီ။ သူရဲတို့သည် လဲသေကြပြီတကား။ 20 ထိုသတင်းကို ဂါသမြို့၌ မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြောကြနှင့်။ ဖိလိတ္တိအမျိုးသမီးတို့သည် ဝမ်းမြောက်၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။ 21 အို ဂိလဗောတောင်တို့၊ သင်တို့အပေါ်မှာ နှင်းမကျစေနှင့်။ မိုးမရွာစေနှင့်။ ပူဇော်စရာအသီးကိုသီးသော လယ်ကွက်မရှိစေနှင့်။ အကြောင်းမူကား၊ ထိုအရပ်၌ သူရဲဆောင်သော ဒိုင်းတည်းဟူသော ရှောလုဆောင်သောဒိုင်းလွှား၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား။ 22 သူရဲတို့၏အသွေး၊ ခွန်အားကြီးသောသူတို့၏ဆီဥမှ ယောနသန်၏လေးသည် နောက်သို့မလှန်။ ရှောလု၏ဓားတော်သည် ကိုယ်ချည်းပြန်၍ မလာတတ်။ 23 ရှောလုနှင့် ယောနသန်သည် ချစ်တတ်သောသဘောရှိ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ်လျက်၊ အသက်သေသောအခါ တစ်ယောက်နှင့်တစ်ယောက် မကွာဘဲလျက် နေကြ၏။ သူတို့သည် ရွှေလင်းတထက်မြန်၍ ခြင်္သေ့ထက် ခွန်အားကြီးကြ၏။ 24 အိုဣသရေလအမျိုးသမီးတို့၊ ရှောလုကို ငိုကြွေးကြလော့။ သင်တို့ကို လှသောကမ္ဗလာနီနှင့် ဝတ်စေ၍၊ သင်တို့အဝတ်၌လည်း ရွှေတန်ဆာနှင့် ဆင်စေတော်မူ၏။ 25 စစ်တိုက်ပွဲ၌ သူရဲတို့သည် လဲသေကြပြီ။ အို ယောနသန်၊ သင်၏ မြင့်သောအရပ်တို့၌ သင်သည် အသေခံလေပြီတကား။ 26 ငါ့ညီယောနသန်၊ သင့်ကြောင့် ငါညှိုးငယ်ခြင်းရှိ၏။ သင်သည် ငါ့မိတ်ဆွေကြီးဖြစ်၍၊ ငါ့ကိုချစ်သောမေတ္တာသည် အံ့ဩဖွယ်သောမေတ္တာ၊ မိန်းမကို ချစ်တတ်သော မေတ္တာထက်သာ၍ အားကြီးသောမေတ္တာဖြစ်၏။ 27 သူရဲတို့သည် လဲသေကြပြီတကား။ စစ်တိုက်လက်နက်တို့သည် ဆုံးကြပြီးတကားဟု ပါသတည်း။