11
အမ္မုန်​အ​မျိုး​သား​တို့​ကိုနှိမ်​နင်း​ခြင်း
ထိုနောက်မှ အမ္မုန်အမျိုးသားနာဟတ်သည်လာ၍ ဂိလဒ်ပြည် ယာဗက်မြို့အနားမှာတပ်ချလျှင်၊ မြို့သားအပေါင်းတို့က အကျွန်ုပ်တို့နှင့် မိတ်သဟာယဖွဲ့တော်မူပါ။ ကိုယ်တော်ထံ၌ကျွန်ခံပါမည်ဟု နာဟတ်မင်းအား လျှောက်သော်လည်း၊ အမ္မုန်အမျိုးသား နာဟတ်က၊ သင်တို့၌ လက်ယာမျက်စိရှိသမျှကိုဖောက်၍ ဣသရေလအမျိုးတစ်မျိုးလုံး၌ ငါကဲ့ရဲ့ရသောအခွင့်ကို ပေးမှသာ မိတ်သဟာယဖွဲ့မည်ဟု ပြန်ပြောသော်၊ ယာဗက်မြို့သား အသက်ကြီးသူတို့က၊ အကျွန်ုပ်တို့သည် ဣသရေလပြည် တစ်လျှောက်လုံးသို့ တမန်တို့ကို စေလွှတ်ခြင်းငှာ ခုနစ်ရက်မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင်သောသူ မပေါ်မရှိလျှင် မင်းကြီးထံသို့ ထွက်ပါမည်ဟု ဆိုကြ၏။ တမန်တို့သည် ရှောလုနေရာ ဂိဗာမြို့သို့လာ၍ လူများတို့အားသတင်းကြားပြောသော်၊ လူအပေါင်းတို့သည် အသံကိုလွှင့်၍ ငိုကြွေးကြ၏။ ရှောလုသည် နွားစုနောက်သို့လိုက်လျက် လယ်လုပ်ရာမှ ရောက်လာသောအခါ၊ လူတို့သည် အဘယ်ကြောင့် ငိုကြွေးကြသနည်းဟု မေးလျှင်၊ ယာဗက်မြို့သားတို့၏သတင်းကို ပြောကြ၏။ ထိုသတင်းကို ရှောလုကြားသောအခါ၊ ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက်၍ ထိုသူသည် ပြင်းစွာအမျက်ထွက်လျက်၊ နွားတစ်ရှဉ်းကိုယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တစ်လျှောက်လုံးသို့ ပေးလိုက်၍၊ ရှောလုနှင့် ရှမွေလနောက်သို့ ထွက်၍မလိုက်သောသူ၏နွားတို့ကို ဤကဲ့သို့ပြုမည်ဟုကြော်ငြာစေသဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏။ ဗေဇက်မြို့၌ တပ်စာရင်းယူသောအခါ၊ ဣသရေလအမျိုးသား သုံးသိန်း၊ ယုဒအမျိုးသား သုံးသောင်းရှိကြ၏။ ဂိလဒ်ပြည် ယာဗက်မြို့မှလာသော တမန်တို့အား နက်ဖြန်နေ့ နေပူချိန်ရောက်သောအခါ ချမ်းသာရမည်အကြောင်းကို၊ မြို့သားတို့အား ကြားပြောလော့ဟု မှာလိုက်သည်အတိုင်း၊ တမန်တို့သည်သွား၍ သတင်းကြားပြောသဖြင့် ယာဗက်မြို့သားတို့သည် ဝမ်းမြောက်ကြ၏။ 10 အကျွန်ုပ်တို့သည် နက်ဖြန်နေ့၌ ကိုယ်တော်ထံသို့ ထွက်ပါမည်။ ကိုယ်တော်အလိုရှိသမျှအတိုင်း ပြုတော်မူပါဟု နာဟတ်မင်းအားလျှောက်ကြ၏။
11 နက်ဖြန်နေ့၌ ရှောလုသည် လူတို့ကိုသုံးတပ်ခွဲပြီးမှ၊ နံနက်ယံအချိန်၌ ရန်သူအလုံးအရင်းထဲသို့ဝင်၍ နေပူချိန်တိုင်အောင် အမ္မုန်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ကျန်ကြွင်းသောသူ တစ်ယောက်နှင့် တစ်ယောက်ပေါင်း၍ မနေရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက်ရှိကြ၏။ 12 ဣသရေလလူတို့ကလည်း၊ ရှောလုသည် ငါတို့ကို အုပ်စိုးရမည်လောဟု ဆိုမိသောသူကား အဘယ်သူနည်း။ ထိုသို့ဆိုမိသောသူတို့ကိုခေါ်၍ သတ်ကြကုန်အံ့ဟု ရှမွေလအားဆိုကြသော်၊ 13 ရှောလုက၊ လူတစ်ယောက်ကိုမျှ ယနေ့မသတ်ရ၊ ထာဝရဘုရားသည် ယနေ့ ဣသရေလအမျိုးကို ကယ်တင်တော်မူပြီဟု ဆို၏။ 14 ရှမွေလကလည်း၊ ဂိလဂါလမြို့သို့သွား၍ နိုင်ငံတော်ကို ပြုပြင်ကြကုန်အံ့ဟု လူများတို့အားပြောဆိုသည်အတိုင်း၊ 15 လူအပေါင်းတို့သည် ဂိလဂါလမြို့သို့သွား၍၊ ထိုမြို့၌ ထာဝရဘုရားရှေ့တော်မှာ ရှောလုကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌လည်း၊ ထာဝရဘုရားရှေ့တော်မှာ မိတ်သဟာယယဇ်ကို ပူဇော်သဖြင့်၊ ရှောလုနှင့် ဣသရေလ အမျိုးသားအပေါင်းတို့သည် အလွန်ပျော်မွေ့ခြင်းကို ပြုကြ၏။