2
ဧ​ဖက်​အ​သင်း​တော်သို့
ဧဖက်မြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ ရေး၍မှာ လိုက်လော့။ လက်ယာလက်၌ ကြယ်ခုနစ်လုံးကိုကိုင်၍၊ ရွှေမီးခွက်ခုနစ်လုံးအလယ်၌ သွားလာသောသူ၏ အမိန့်တော်ကား၊ သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်းခံခြင်းကို ငါသိ၏။- သင်သည် မတရားသောသူတို့ကို လက်မခံနိုင်ကြောင်းကိုလည်းကောင်း၊ တမန်တော်မဟုတ်ဘဲ၊ တမန်တော် ဖြစ်ယောင်ဆောင်သောသူတို့ကို စစ်ဆေး၍ လှည့်ဖြားသောသူဖြစ်သည်ဟု သိကြောင်းကိုလည်းကောင်း၊- ခန္တီနှင့်ပြည့်စုံ၍၊ ငါ၏နာမကြောင့် ဆင်းရဲခံ၍ အားမလျော့ကြောင်းကိုလည်းကောင်း ငါသိ၏။- သို့သော်လည်း၊ သင်သည် ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌ အပြစ်တင်စရာရှိ၏။- ထိုကြောင့်၊ သင်သည်မရွေ့လျော့မီ၊ အရင်နေရာ အရပ်ကို အောက်မေ့လော့၊ နောင်တရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့၊ သို့မဟုတ် သင်ရှိရာသို့ ငါသည် အလျင်အမြန်လာမည်။ နောင်တမရလျှင်၊ သင်၏မီးခွက်ကို နေရာမှရွှေ့မည်။- သို့သော်လည်း ငါမုန်းသောနိကောလ တပည့်တို့၏ အကျင့်ကို သင်လည်းမုန်းသည်ဟု ပြောစရာရှိ၏။- ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ထိုသူသည် ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသော အသက်ပင်၏အသီးကို စားစေခြင်းငှာ အခွင့်ပေးမည်။Ref ၂:၇။ က ၂:၉။ ဗျာ၊ ၂၂:၂။
စ​မု​ရ​န​အ​သင်း​တော်​သို့
စမုရနမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူတည်းဟူသော၊ အရင်သေ၍ အသက်ရှင်လျက်ရှိသော သူ၏ အမိန့်တော်ကား၊-Ref ၂:၈။ ဟေရှာ ၄၄:၆၊ ၄၈:၁၂။ ဗျာ၊ ၁:၁၇၊ ၂၂:၁၃။ သင်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ သို့သော်လည်း၊ သင်သည် ကြွယ်ဝပြည့်စုံခြင်း ရှိ၏။ ယုဒလူဖြစ်ယောင်ဆောင်၍ ယုဒလူမှန်မဟုတ်၊ စာတန်၏ အပေါင်းအသင်းဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်းကိုလည်း ငါသိ၏။- 10 သင်သည် ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည်အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။- 11 ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။ အောင်မြင်သောသူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ။Ref ၂:၁၁။ ဗျာ ၂၀:၁၄၊ ၂၁:၈။
ပေ​ရ​ဂံ​အ​သင်း​တော်သို့
12 ပေရဂံမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ ထက်သောသန်လျက်ရှိသော သူ၏ အမိန့်တော်ကား၊- 13 သင်အကျင့်ကျင့်ခြင်းကိုလည်းကောင်း၊ စာတန်၏ ရာဇပလ္လင်ရှိရာ အရပ်တည်းဟူသော သင်၏နေရာအရပ်ကိုလည်းကောင်း ငါသိ၏။ စာတန်၏ နေရာအရပ်၌ သင်တို့တွင် အသေသတ်ခြင်းကိုခံရသော အန္တိပသည် သစ္စာရှိ၍ ငါ့ဘက်၌သက်သေခံရသော နေ့ရက်ကာလတွင်ပင်၊ သင်သည် ငါ၏နာမကို စွဲကိုင်၏။ ငါ၏ယုံကြည်ခြင်းတရားကို မစွန့်မပယ်။- 14 သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှာ လည်းကောင်း၊ မတရားသော မေထုန်ကို ပြုစေခြင်းငှာလည်းကောင်း ၊ ထိမိ၍ လဲစရာအရာကို သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးသောသူတည်းဟူသော ဗာလမ်၏အယူကို စွဲလမ်းသောသူတို့သည် သင်၏နေရာ၌ရှိကြသည်ဖြစ်၍၊ သင်၌ အနည်းငယ်သောအပြစ်တင်စရာ ရှိ၏။-Ref ၂:၁၄။ တော ၂၂:၅၊၇၊ ၃၁:၁၆။ တရား၊ ၂၃:၄။ တော၊ ၂၅:၁-၃။ 15 ထိုအယူနှင့်သဘောတူသော နိကောလတပည့်တို့၏ အယူကို စွဲလမ်းသောသူတို့သည် ထိုနည်းတူ သင်၌ရှိကြ၏။- 16 ထိုကြောင့် နောင်တရလော့။ မရလျှင် သင်ရှိရာသို့ငါသည် အလျင်အမြန်လာမည်။ ထိုသူတို့ကို ငါ့ခံတွင်း၏သန်လျက်နှင့် စစ်တိုက်မည်။- 17 ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ဝှက်ထားသော မန္နကိုလည်းကောင်း၊ ကျောက်ဖြူလက်ဖွဲ့ကိုလည်းကောင်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သော နာမသစ်ကိုလည်းကောင်း ထိုသူအား ငါပေးမည်။ ထိုကျောက်ကို ရသောသူမှတစ်ပါး အဘယ်သူမျှ ထိုနာမကို မသိနိုင်ရာ။Ref ၂:၁၇။ ထွ ၁၆:၁၄-၁၅၊ ၁၆:၃၃-၃၄။ ယော၊ ၆:၄၈-၅၀။ ဟေရှာ၊ ၆၂:၂၊ ၆၅:၁၅။
သွာ​တိ​ရ​အ​သင်း​တော်​သို့
18 သွာတိရမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ မီးလျှံကဲ့သို့သော မျက်စိနှင့်လည်းကောင်း ၊ ကြေးဝါစစ်နှင့်တူသော ခြေနှင့်လည်းကောင်း၊ ပြည့်စုံသော ဘုရားသခင့်သားတော်၏ အမိန့်တော်ကား၊- 19 သင်အကျင့်ကျင့်ခြင်း၊ ချစ်ခြင်း၊ အမှုဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်းခံခြင်းကိုလည်းကောင်း နောက်ကျင့်သောအကျင့်တို့သည် အရင်ကျင့်သောအကျင့်ထက် သာ၍ များကြောင်းကိုလည်းကောင်း ငါသိ၏။- 20 သို့သော်လည်း၊ ငါ၏အစေခံကျွန်တို့သည် မတရားသော မေထုန်ကို ပြုစေခြင်းငှာလည်းကောင်း၊ ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှာလည်းကောင်း၊ ပရောဖက်မဟူ၍ ကိုယ်ကိုခေါ်ဝေါ်သော သင်၏ခင်ပွန်း ယေဇဗေလသည် သွန်သင်၍ မှားယွင်းစေရသောအခွင့်ကို သင်သည်ပေးသောကြောင့်၊ သင်၌ အပြစ်တင်စရာရှိ၏။-Ref ၂:၂၀။ ၃ရာ ၁၆:၃၁။ ၄ရာ၊ ၉:၂၂၊၃၀။ 21 နောင်တရသင့်သောကာလကို ငါပေးသော်လည်း၊ သူသည် မိမိမတရားသောမေထုန်ကို နောင်တရချင်သော စိတ်မရှိ။- 22 ထိုကြောင့်၊ သူ့ကို အိပ်ရာ၌ငါချထားမည်။ သူနှင့်အတူ မတရားသော မေထုန်ကိုပြု၍၊ ထိုသို့သော အကျင့်ကို နောင်တမရသောသူတို့ကိုလည်း၊ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည်။- 23 သူ၏သားသမီးတို့ကိုလည်း အသေသတ်မည်။ ငါသည် နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသော သူဖြစ်ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်းသော အသင်းတော်တို့သည် သိရကြလိမ့်မည်။ သင်တို့သည် အသီးအသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါပေးမည်။-Ref ၂:၂၃။ ဆာ ၇:၉။ ယေ၊ ၁၇:၁၀။ ဆာ၊ ၆၂:၁၂။
24 ထိုမိစ္ဆာဒိဌိအယူကို ယူသောသူတို့ ခေါ်ဝေါ်သည်နှင့်အညီ၊ စာတန်၏ နက်နဲသောအရာဟု ခေါ်ဝေါ်သောအရာတို့ကို မကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကို မယူ၊ ကြွင်းသောသွာတိရမြို့သားတို့ကို ငါဆိုသည်ကား၊ သင်တို့သည် ရသမျှကို ငါလာသည်တိုင်အောင် စွဲကိုင်ကြလော့။- 25 ထိုမှတစ်ပါး အခြားသောဝန်ကို သင်တို့အပေါ်၌ ငါမတင်။- 26 အကြင်သူသည် အောင်မြင်၍ အဆုံးတိုင်အောင် ငါ့အကျင့်ကိုကျင့်၏။ ငါ့ခမည်းတော်သည် ငါ့အား အခွင့် ပေးတော်မူသကဲ့သို့၊ လူမျိုးတို့ကို အုပ်စိုးစေခြင်းငှာ ထိုသူအား ငါသည် အခွင့်ပေးမည်။- 27 ထိုသူသည် သူတို့ကို သံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကိုခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည်။-Ref ၂:၂၆-၂၇။ ဆာ ၂:၈-၉။ 28 မိုးသောက်ကြယ်ကိုလည်း ထိုသူအား ငါပေးမည်။- 29 ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။