10
ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှာ၊ ငါ၏စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ၏။- ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဖို့ ငါသက်သေခံ၏။- ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှာ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ဝန်မခံကြ။- ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။
လူသားအတွက်ကယ်တင်ခြင်း
မောရှေကလည်း၊ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ပညတ်တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားကို ရည်မှတ်၍ ရေးထားသတည်း။-Ref ၁၀:၅။ ဝတ် ၁၈:၅။ ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရား ဆိုသည်ကား၊- ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ်ထဲမှာ မအောက်မေ့နှင့်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှာ ကောင်းကင်သို့ အဘယ်သူ တက်လိမ့်မည်နည်း။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေခြင်းငှာ နက်နဲရာထဲသို့ အဘယ်သူ ဆင်းလိမ့်မည်နည်းဟု ဆိုလိုသတည်း။- တစ်ဖန်ဆိုသည်ကား၊ တရားတော်သည် သင်နှင့်နီး၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏နှလုံး၌လည်းကောင်း ရှိသည်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ငါတို့ဟောသော ယုံကြည်ခြင်းတရားကို ဆိုလိုသတည်း။-Ref ၁၀:၆-၈။ တရား ၃၀:၁၂-၁၄။ အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။- 10 ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။- 11 ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့်ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြုသော သူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။-Ref ၁၀:၁၁။ ဟေရှာ ၂၈:၁၆။ 12 ယုဒအမျိုး၊ ဟေလသအမျိုးကိုမရွေး၊ လူအပေါင်းတို့ကို အစိုးရသော အရှင်တစ်ပါးတည်းရှိ၍၊ ကိုယ်တော်ကို ပတ္ထနာပြုသော သူအပေါင်းတို့၌ ကျေးဇူးကြွယ်ဝတော်မူ၏။- 13 အကြောင်းမူကား၊ ထာဝရဘုရားကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။Ref ၁၀:၁၃။ ယောလ ၂:၃၂။
14 သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ ပတ္ထနာပြုနိုင်မည်နည်း။ သတင်းမကြားလျှင် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။- 15 လူကို မစေလွှတ်လျှင် အဘယ်သို့ ဟောပြောနိုင်မည်နည်း။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်း၊ ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသော သူ၏ခြေတို့သည် အလွန်တင့်တယ်စွတကားဟု လာသတည်း။-Ref ၁၀:၁၅။ ဟေရှာ ၅၂:၇။ 16 သို့သော်လည်း၊ လူအပေါင်းတို့သည် ဝမ်းမြောက်စရာသတင်းကို နားထောင်ကြသည်မဟုတ်။ ပရောဖက်ဟေရှာယ စကားဟူမူကား၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ ဟောပြောသော သတင်းစကားကို အဘယ်သူယုံပါသနည်းဟု ဆို၏။-Ref ၁၀:၁၆။ ဟေရှာ ၅၃:၁။ 17 သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။- 18 သို့ရာတွင် လူအပေါင်းတို့သည် မကြားရကြပြီလော။ အမှန်ကြားရကြပြီ။ သူတို့၏အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီဟု ငါဆို၏။-Ref ၁၀:၁၈။ ဆာ ၁၉:၄။ 19 တစ်ဖန် ငါဆိုသည်ကား၊ ဣသရေလလူတို့သည် ဤအမှုကို မသိကြသလော။ မောရှေက၊ သင်တို့သည် လူမျိုးတော်မဟုတ်သောသူတို့အားဖြင့် ငြူစူသောစိတ် ရှိစေခြင်းငှာလည်း​ကောင်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှာလည်းကောင်း၊ ငါပြုမည်ဟု ရှေ့ဦးစွာဆို၏။-Ref ၁၀:၁၉။ တရား ၃၂:၂၁။ 20 ဟေရှာယသည် သာ၍ ရဲရင့်စွာဆိုသည်ကား၊ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရကြ၏။ ငါ၏အကြောင်းကို မမေးမြန်းသောသူတို့၌ ငါထင်ရှားသည်ဟု ဆို၏။-Ref ၁၀:၂၀။ ဟေ​ရှာ ၆၅:၁။ 21 ဣသရေလလူတို့ကို ရည်မှတ်၍ တစ်ဖန် မိန့်တော်မူသည်ကား၊ နားမထောင် ငြင်းဆန်တတ်သော လူမျိုးသို့ တစ်နေလုံးငါသည် လက်ဝါးကို ဖြန့်ရပြီဟု ဆိုသတည်း။