18
အာ​ဟပ်​ကို​မိက္ခာ​သ​တိ​ပေး​ခြင်း
(၃ရာ ၂၂:၁-၂၈)
ယောရှဖတ်မင်းသည် ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာများ၍၊ အာဟပ်မင်းနှင့် အမျိုးဆက်လေ၏။ နောက်တစ်ဖန် ရှမာရိမြို့၊ အာဟပ်မင်းထံသို့ ကိုယ်တိုင်သွား၍၊ ဣသရေလရှင်ဘုရင် အာဟပ်သည် ယုဒရှင်ဘုရင် ယောရှဖတ်နှင့်၊ သူ၏လူတို့အဖို့ များစွာသောသိုးနွားတို့ကို စီရင်၍၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ လိုက်စေခြင်းငှာ၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ ငါနှင့်အတူ လိုက်မည်လောဟုမေးလျှင်၊ ယောရှဖတ်က၊ ငါသည် မင်းကြီးကဲ့သို့လည်းကောင်း၊ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့လည်းကောင်းဖြစ်လျက်၊ မင်းကြီးနှင့်ဝိုင်း၍ စစ်တိုက်မည်ဟု ပြန်ပြော၏။
တစ်ဖန် ယောရှဖတ်က၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော်၊ ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲနေကောင်းသလောဟု မေးသော်၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ၏။ ယောရှဖတ်ကလည်း၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ပရောဖက် တစ်စုံတစ်ပါးမျှမရှိသလောဟု မေးသော်၊ ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသော သူတစ်ယောက်၊ ဣမလသားမိက္ခာရှိသေး၏။ သို့ရာတွင်၊ ထိုသူကို ငါမုန်း၏။ ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ အစဉ်ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က၊ ထိုသို့ မင်းကြီးမပြောပါနှင့်ဟု ပြန်ဆို၏။ ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိတစ်ယောက်ကို ခေါ်၍၊ ဣမလသားမိက္ခာကို အလျင်အမြန်ခေါ်ခဲ့ဟု မိန့်တော်မူ၏။ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက်၊ ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသောအရပ်၌ ရာဇပလ္လင်တို့အပေါ်မှာ ထိုင်၍၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော်၌ ဟောပြောကြ၏။ 10 ခေနာနာသားဇေဒကိသည် သံဦးချိုတို့ကိုလုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိပြည်ကို မဖျက်ဆီးမီတိုင်အောင်၊ ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။ 11 ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ၊ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။ 12 မိက္ခာကိုခေါ်သောတမန်က၊ ပရောဖက်အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ၊ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟုဆိုလျှင်၊ 13 မိက္ခာက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ၏ ဘုရားသခင်မိန့်တော်မူသော စကားကိုသာ ငါပြန်ပြောရမည်ဟု ဆို၏။
14 ရှင်ဘုရင်ထံသို့ ရောက်သောအခါ၊ ရှင်ဘုရင်က၊ အချင်းမိက္ခာ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲနေ ကောင်းသလောဟုမေးလျှင်၊ မိက္ခာက စစ်ချီ၍ အောင်တော်မူပါ။ ရန်သူတို့ကို လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက်၏။ 15 ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတစ်ပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း၊ ငါသည် ဘယ်နှစ်ကြိမ်တိုင်အောင် သင့်အားအကျိန်ပေးရမည်နည်းဟု မေးသော်၊ 16 မိက္ခာက၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးကဲ့သို့ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက်ရှိကြသည်ကို ငါမြင်ပြီ။ ထာဝရဘုရားကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့်၊ အသီးအသီး ကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။Ref ၁၈:၁၆။ တော ၂၇:၁၇။ မ၊ ၉:၃၆။ မာ၊ ၆:၃၄။ 17 ဣသရေလရှင်ဘုရင်ကလည်း၊ သူသည် ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟုမင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို၏။ 18 မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသည်ကိုလည်းကောင်း၊ ကောင်းကင်ဗိုလ်ခြေ အပေါင်းတို့သည် လက်ယာတော်ဘက်၊ လက်ဝဲတော်ဘက်၌ ရပ်နေကြသည်ကိုလည်းကောင်း ငါမြင်ပြီ။ 19 ထာဝရဘုရားကလည်း၊ အာဟပ်သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ၍ ဆုံးစေခြင်းငှာ၊ အဘယ်သူသွေးဆောင်မည်နည်းဟု မေးတော်မူလျှင်၊ အခြံအရံတော်တို့သည် တစ်ယောက်တစ်နည်းစီ ပြန်လျှောက်ကြ၏။ 20 တစ်ဖန် ဝိညာဉ်တစ်ပါးသည်လာ၍ ထာဝရဘုရားရှေ့တော်၌ ရပ်လျက်၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟု လျှောက်လျှင်၊ 21 ထာဝရဘုရားက၊ အဘယ်သို့ သွေးဆောင်မည်နည်းဟု မေးတော်မူသော်၊ အကျွန်ုပ်သွား၍ ထိုမင်းကြီး၏ ပရောဖက်အပေါင်းတို့ထဲမှာ၊ မုသားစကားကို ပြောတတ်သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော် သင်သည်သွေးဆောင်၍ နိုင်လိမ့်မည်။ ထိုသို့သွား၍ ပြုလော့ဟု မိန့်တော်မူ၏။ 22 သို့ဖြစ်၍ ထာဝရဘုရားသည် မုသားစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ပရောဖက်အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ၏။ 23 ထိုအခါ ခေနာနာသားဇေဒကိသည် ချဉ်းလာ၍ မိက္ခာ၏ပါးကို ပုတ်လျက်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သင်နှင့်နှုတ်ဆက်ခြင်းငှာ၊ အဘယ်လမ်းဖြင့် ငါမှ ထွက်တော်မူသနည်းဟုမေးလျှင်၊ 24 မိက္ခာက၊ သင်သည်ပုန်းရှောင်၍နေခြင်းငှာ၊ အတွင်းခန်းထဲသို့ ဝင်သောနေ့၌ သင်မြင်လိမ့်မည်ဟု ဆို၏။ 25 ဣသရေလရှင်ဘုရင်က၊ မိက္ခာကို မြို့ဝန်မင်းအာမုန်ထံ၊ သားတော်ယောရှထံသို့ ယူသွား၍၊ 26 ဤသူကို ထောင်ထဲမှာလှောင်ထားကြ။ ငါသည် ငြိမ်ဝပ်စွာပြန်၍ မလာမီတိုင်အောင်၊ ဆင်းရဲစွာ စားသောက်စေဟု အမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့ဟု စီရင်၏။ 27 မိက္ခာကလည်း၊ မင်းကြီးသည် ငြိမ်၀ပ်စွာ ပြန်လာရလျှင်၊ ထာဝရဘုရားသည် ငါ့အားဖြင့်မိန့်တော်မမူ၊ အိုလူများအပေါင်းတို့၊ နားထောင်ကြလော့ဟု ဆို၏။
အာ​ဟပ်​မင်းကွယ်​လွန်​ခြင်း
(၃ရာ ၂၂:၂၉-၃၅)
28 ထိုသို့ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ၏။ 29 ဣသရေလရှင်ဘုရင်က၊ ငါသည် ခြားနားသောအယောင်ကို ဆောင်၍ စစ်ပွဲထဲသို့ဝင်မည်။ မင်းကြီးမူကား၊ မင်းမြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှဖတ်အား ဆိုပြီးမှ၊ ဣသရေလရှင်ဘုရင်သည် ခြားနားသော အယောင်ကိုဆောင်လျက် စစ်ပွဲထဲသို့ဝင်၏။ 30 ရှုရိရှင်ဘုရင်က၊ ဣသရေလရှင်ဘုရင်မှတစ်ပါး၊ အခြားသော လူကြီးလူငယ်ကို မတိုက်နှင့်ဟု ရထားစီးသူရဲ အုပ်ဗိုလ်မင်းတို့ကို မှာထားနှင့်သောကြောင့်၊ 31 ရထားစီးသူရဲ အုပ်ဗိုလ်မင်းတို့သည် ယောရှဖတ်ကိုမြင်သောအခါ၊ ထိုသူသည် ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်ဟုဆိုလျက်၊ သူ့ကိုတိုက်အံ့သောငှာ ဝိုင်းလာကြ၍၊ ယောရှဖတ်လည်း ကြွေးကြော်လေ၏။ ထာဝရဘုရားလည်း မစ၍ သူတို့ကိုလွှဲသွားစေခြင်းငှာ၊ ဘုရားသခင်သွေးဆောင်တော်မူ၏။ 32 ဣသရေလရှင်ဘုရင် မဟုတ်ကြောင်းကို၊ ရထားစီးသူရဲ အုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ၊ မလိုက်ဘဲ အခြားသို့ရှောင်သွားကြ၏။ 33 လူတစ်ယောက်သည် မရွယ်ဘဲ လေးနှင့်ပစ်၍၊ ဣသရေလရှင်ဘုရင်ကို၊ သံချပ်အင်္ကျီအဆစ်ကြားမှာ မှန်လေသော်၊ ငါ့ကိုစစ်ပွဲထဲက လှည့်၍ ထုတ်ဆောင်လော့။ ငါနာသည်ဟု မိမိရထားတော်ထိန်းကို ဆို၏။ 34 ထိုနေ့၌ တိုး၍တိုက်ကြ၏။ ဣသရေလရှင်ဘုရင်သည် ညဉ့်ဦးယံတိုင်အောင်၊ ရှုရိလူတစ်ဖက်တစ်ချက်၌ ရထားတော်ထဲမှာ လူကိုမှီ၍ထိုင်နေ၏။ နေဝင်ချိန်နီးသောအခါ အသက်တော်ကုန်၏။