20
ရဗ္ဗာ​မြို့​ကို​သိမ်း​ပိုက်​ခြင်း
(၂ရာ ၁၂:၂၆-၃၁)
အခါလည်၍၊ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန်ရောက်သောအခါ၊ ယွာဘသည် ဗိုလ်ခြေအလုံးအရင်းနှင့် ချီသွားသဖြင့်၊ အမ္မုန်ပြည်ကို တိုက်ဖျက်၍ ရဗ္ဗာမြို့ကိုဝိုင်းထား၏။ ဒါဝိဒ်သည် ကိုယ်တိုင် ယေရုရှလင်မြို့၌ နေလေ၏။Ref ၂၀:၁။ ၂ရာ ၁၁:၁။ ယွာဘသည် ရဗ္ဗာမြို့ကိုတိုက်ဖျက်ပြီးမှ၊ ဒါဝိဒ်သည် မင်းကြီး၏သရဖူကို ချွတ်ယူ၍ ခေါင်းတော်ပေါ်မှာ တင်ကြ၏။ သရဖူအချိန်ကား၊ ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တစ်ဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာအများကိုလည်း ထုတ်လေ၏။ မြို့သားတို့ကိုလည်း ထုတ်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့် လုပ်မှုကိုလုပ်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှလင်မြို့သို့ ပြန်လေ၏။
ကြီး​မား​သော​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့် တိုက်​ပွဲ​များ
(၂ရာ ၂၁:၁၈-၂၂)
နောက်တစ်ဖန် ဂေဇာမြို့မှ ဖိလိတ္တိလူတို့နှင့် စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုး သာဖကိုသတ်၍ ဖိလိတ္တိလူတို့ကို အောင်မြင်လေ၏။ နောက်တစ်ဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့်အမျှကြီးသော လှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ်၏ညီလာခမိကို သတ်လေ၏။Ref ၂၀:၅။ ၁ရာ ၁၇:၄-၇။ နောက်တစ်ဖန် ဂါသမြို့မှာ စစ်တိုက်ကြစဉ်၊ အရပ်မြင့်၍ လက်တစ်ဖက်၌ လက်ခြောက်ချောင်းစီ၊ ခြေတစ်ဖက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေးချောင်းရှိသော ရေဖိမ်အမျိုးသားတစ်ယောက်သည်၊ ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကိုသတ်လေ၏။ ဤသူတို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီးသားဖြစ်၍ ဒါဝိဒ်နှင့် သူ၏ကျွန်တို့လက်ဖြင့် သေကြ၏။