18
ဒါ​ဝိဒ်​အ​နိုင်​ရ​သော​စစ်​ပွဲ​များ
(၂ရာ ၈:၁-၁၈)
ထိုနောက် ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ အောင်မြင်သဖြင့်၊ ဂါသမြို့နှင့် ကျေးလက်များကို သိမ်းယူလေ၏။ မောဘပြည်ကိုလည်း လုပ်ကြံ၍ မောဘအမျိုးသားတို့သည် ဒါဝိဒ်၌ကျွန်ခံလျက် အခွန်ဆက်ရကြ၏။ ဇောဘမင်းကြီးဟာဒဒေဇာသည်၊ ဥဖရတ်မြစ်နားမှာ မိမိနိုင်ငံကို တည်စေခြင်းငှာ သွားသောအခါ၊ ဒါဝိဒ်သည် ဟာမတ်မြို့တိုင်အောင် တိုက်ဖျက်၍၊ ရထားတစ်ထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည်သူရဲနှစ်သောင်းကို ဖမ်းဆီး၍ ရထားတစ်ရာကို သိမ်းထားပြီးမှ အခြားသော မြင်းရထားရှိသမျှတို့ကို ဖျက်ဆီးလေ၏။ ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီးဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ၊ ရှုရိပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထားသဖြင့်၊ ရှုရိလူတို့သည် ဒါဝိဒ်၌ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။ ဟာဒဒေဇာ၏ကျွန်တို့ စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။ ဟာဒဒေဇာအစိုးရသော တိဗဟတ်မြို့နှင့် ခုန်မြို့မှ၊ ဒါဝိဒ်သည် များစွာသောကြေးဝါကို သိမ်းသွား၏။ ရှောလမုန်သည် ကြေးဝါရေကန်၊ ကြေးဝါတိုင်၊ ကြေးဝါတန်ဆာများကို ထိုကြေးဝါဖြင့် လုပ်သတည်း။Ref ၁၈:၈။ ၃ရာ ၇:၄၀-၄၇။ ၆ရာ၊ ၄:၁၁-၁၈။
ဇောဘမင်းကြီးဟာဒဒေဇာ၏ တပ်အလုံးအရင်းကို ဒါဝိဒ်လုပ်ကြံကြောင်းကို ဟာမတ်မင်းကြီးတောဣသည် ကြားလျှင်၊ 10 မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက်၍ လုပ်ကြံသောကြောင့်၊ မိတ်သဟာယဖွဲ့၍ ကောင်းချီးပေးစေခြင်းငှာ မိမိသားဟဒေါရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍၊ ဟဒေါရံသည် ရွှေဖလား၊ ငွေဖလား၊ ကြေးဝါဖလား အမျိုးမျိုးတို့ကို ဆောင်ခဲ့လေ၏။ 11 ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားအား ပူဇော်၏။ ထိုအတူ ရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၊ အပြည်ပြည်တို့မှဆောင်ခဲ့သော ရွှေငွေကိုလည်းပူဇော်၏။ 12 ထိုမှတစ်ပါး၊ ဇေရုယာသားအဘိရှဲသည် ဆားချိုင့်တွင် ဧဒုံလူတစ်သောင်းရှစ်ထောင်တို့ကို လုပ်ကြံလေ၏။Ref ၁၈:၁၂။ ဆာ ၆၀ (ခေါင်း​စဉ်) 13 ဧဒုံပြည်၌ မြို့စောင့်တပ်တို့ကိုထား၍၊ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။
14 ထိုသို့ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကို စိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ်တော်မူ၏။ 15 ဇေရုယာ၏သား ယွာဘသည် ဗိုလ်ချုပ်မင်းဖြစ်၏။ အဟိလုဒ်၏သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။ 16 အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။ 17 ယောယဒ၏သား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့သည်လည်း အထံတော်၌ မင်းသားအရာနှင့် နေကြ၏။