ဆာလံကျမ်း 79
ယေရုရှလင်မြို့အတွက်ဆု​တောင်း
အိုဘုရားသခင်၊ တစ်ပါးအမျိုးသားတို့သည် အမွေတော်ထဲသို့ဝင်ပြီးလျှင်၊ သန့်ရှင်းသော ဗိမာန်တော်ကို ညစ်ညူးစေ၍၊ ယေရုရှလင်မြို့ကို ဖြိုဖျက်ကြပါပြီ။Ref ၇၉:၁။ ၄ရာ ၂၅:၈-၁၀။ ၆ရာ၊ ၃၆:၁၇-၁၉။ ယေ၊ ၅၂:၁၂-၁၄။ ကိုယ်တော်၏ကျွန်အသေကောင်တို့ကို မိုးကောင်းကင်ငှက်တို့အားလည်းကောင်း၊ ကိုယ်တော်၏ သန့်ရှင်းသူတို့အသားကို တောသားရဲတို့အားလည်းကောင်း ကျွေးကြပါပြီ၊ သူတို့အသွေးကိုလည်း ရေကဲ့သို့ ယေရုရှလင်မြို့ပတ်လည်၌ သွန်ကြ၍၊ သင်္ဂြိုဟ်သောသူလည်း မရှိပါ။ အကျွန်ုပ်တို့သည် အိမ်နီးချင်းများ ကဲ့ရဲ့ရာ၊ ပတ်ဝန်းကျင်၌ နေသောသူများပြက်ရယ်ပြု၍ အရှက်ခွဲရာ ဖြစ်ကြပါ၏။
အို ထာဝရဘုရား၊ အမျက်တော်သည် အလျှင်းမငြိမ်းဘဲ အဘယ်မျှကာလပတ်လုံး ထွက်ပါမည်နည်း။ အဘယ်မျှကာလပတ်လုံး စိတ်တော်သည် မပြေ၊ မီးကဲ့သို့ လောင်ပါမည်နည်း။ ကိုယ်တော်ကို မသိသော တစ်ပါးအမျိုးသားတို့ အပေါ်သို့လည်းကောင်း၊ နာမတော်ကို ပတ္ထ​နာမပြုသော တိုင်းနိုင်ငံသားတို့အပေါ်သို့လည်းကောင်း၊ အမျက်တော်ကို သွန်းလောင်းတော်မူပါ။ အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကိုကိုက်စား၍၊ သူ၏နေရာကိုလည်း သုတ်သင်ပယ်ရှင်းကြပါပြီ။ ရှေးကပြစ်မှားမိသော အပြစ်များကို အကျွန်ုပ်တို့၌ မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အလွန် နှိမ့်ချလျက်ရှိပါသည်ဖြစ်၍၊ ကရုဏာတော်သည် အလျင်အမြန်ကူမပါစေသော။ ကယ်တင်တော်မူသောဘုရား၊ နာမတော်၏ဂုဏ်ကိုထောက်၍ အကျွန်ုပ်တို့ကို မစတော်မူပါ။ နာမတော်အတွက်ကြောင့်၊ အကျွန်ုပ်တို့ကိုနုတ်ယူ၍ အပြစ်များကို ဖြေရှင်းတော်မူပါ။ 10 သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု တစ်ပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါမည်နည်း။ သွန်ပြီးသော ကျွန်တော်မျိုး၏အသွေးဘက်မှာ တရားစီရင်တော်မူသောအကြောင်းသည် တစ်ပါးအမျိုးသားတို့တွင် အကျွန်ုပ်တို့မျက်မှောက်၌ ထင်ရှားပါစေသော။ 11 အချုပ်ခံရသောသူ၏ ညည်းတွားသံကို နားထောင်တော်မူပါ။ သေရသောသူတို့ကို လက်ရုံးတော် တန်ခိုးကြီးသည်နှင့်အညီ ချမ်းသာပေးတော်မူပါ။ 12 အကျွန်ုပ်တို့ အိမ်နီးချင်းတို့သည် ကိုယ်တော်အား ကဲ့ရဲ့ခြင်းအပြစ်ကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆတိုင်အောင် ဆပ်ပေးတော်မူပါဘုရား။ 13 သို့ဖြစ်၍၊ ကိုယ်တော်ထံ၌ ကျက်စားသော သိုးစုတည်းဟူသော ကိုယ်တော်၏လူ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အစဉ်မပြတ်ချီးမွမ်း၍၊ ဂုဏ်ကျေးဇူးတော်ကို အစဉ်အဆက် ဖြစ်လတ္တံ့သောသားတို့အား ဖော်ပြကြပါမည်။