ဆာလံကျမ်း 52
ဝါကြွားခြင်းကို​စီ​ရင်​ခြင်း
"ဒါဝိဒ်သည် အဟိမလက်အိမ်သို့ရောက်ကြောင်းကို ဧဒုံအမျိုးသားဒေါဂသည် ရှောလုထံသို့လာ၍ လျှောက်သောအခါ စပ်ဆိုသောဆာလံ။"
(၁ရာ ၂၂း၉-၁၀)
အားကြီးသောအချင်းလူ၊ သင်သည်သူ့အကျိုးကိုဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွားသနည်း။ ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်မပြတ်တည်၏။ သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့်၊ သူ့အကျိုးကိုဖျက်ခြင်းအမှုကို ပြုစုတတ်၏။ သင်သည် သုစရိုက်ထက် ဒုစရိုက်ကိုလည်းကောင်း၊ ဖြောင့်မတ်သောစကားထက် မုသားစကားကိုလည်းကောင်း သာ၍နှစ်သက်တတ်၏။ အို လှည့်စားတတ်သောလျှာ၊ သင်သည် ပျက်စီးသောစကားရှိသမျှတို့ကို နှစ်သက်တတ်၏။ အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ ချိုးဖျက်ပယ်ရှင်းလျက်၊ သင်၏နေရာထဲကနှင်ထုတ်၍၊ အသက်ရှင်သောသူတို့၏နေရာထဲက နုတ်ပစ်တော်မူမည်။ ဖြောင့်မတ်သောသူတို့သည်မြင်၍ ကြောက်ရွံ့ကြလိမ့်မည်။ ဘုရားသခင်ကို မခိုလှုံ၊ မိမိဥစ္စာကြွယ်ဝခြင်း၌ ကိုးစား၍၊ မိမိဒုစရိုက်၌ ခိုင်ခံ့သောသူကိုကြည့်ပါဟူ၍ သူ၌ရယ်ကြလိမ့်မည်။ ငါမူကား၊ ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသော သံလွင်ပင်ကဲ့သို့ဖြစ်၍၊ ဘုရားသခင်၏ကရုဏာတော်၌ ကာလအစဉ်အမြဲ ကိုးစားမည်။ ကိုယ်တော် စီရင်တော်မူသောကြောင့်၊ အကျွန်ုပ်သည် ကိုယ်တော်ကို ကာလအစဉ်အမြဲ ချီးမွမ်းပါမည်။ ကောင်းမြတ်တော်မူသောကြောင့်၊ ကိုယ်တော်၏သန့်ရှင်းသူတို့ရှေ့မှာ နာမတော်ကိုမျှော်လင့်ပါမည်။