ဆာလံကျမ်း 47
တန်​ခိုး​အ​ကြီး​ဆုံး​ဘု​ရင်
လူများအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ဘုရားသခင်ထံသို့ အောင်သံကိုလွှင့်၍ ကြွေးကြော်ကြလော့။ အကြောင်းမူကား၊ အမြင့်ဆုံးသောထာဝရဘုရားသည် ကြောက်မက်ဖွယ်သောဘုရား၊ မြေကြီးတစ်ပြင်လုံးကို အစိုးရသော မဟာမင်းကြီးဖြစ်တော်မူ၏။ လူစုတို့ကို ငါတို့အောက်၌လည်းကောင်း၊ လူမျိုးတို့ကို ငါတို့ခြေအောက်၌လည်းကောင်း နှိမ့်ချတော်မူ၏။ ချစ်တော်မူသောယာကုပ်၏ဘုန်းဖြစ်သော ငါတို့အမွေကို ငါတို့အဖို့ ရွေးပေးတော်မူ၏။
ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင်တက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရား တက်တော်မူ၏။ ဘုရားသခင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ ငါတို့၏ရှင်ဘုရင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ဘုရားသခင်သည် မြေကြီး တစ်ပြင်လုံးကိုအစိုးရသော မင်းဖြစ်တော်မူ၏။ ချီးမွမ်းခြင်း ထောမနာသီချင်းကို ဆိုကြလော့။ ဘုရားသခင်သည် လူမျိုးတို့တွင်စိုးစံတော်မူ၏။ ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။ လူမျိုးတို့၏အကြီးအကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရားသခင်၏လူမျိုးထံမှာ စုဝေးလျက်ရှိကြ၏။ အကြောင်းမူကား၊ မြေကြီးတန်ခိုးများကို ဘုရားသခင်ပိုင်တော်မူ၏။ အထူးသဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။