ဆာလံကျမ်း 35
ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထနာ
အိုထာဝရဘုရား၊ အကျွန်ုပ်၌ ဆန့်ကျင်ဘက်ပြုသောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကို စစ်တိုက်သောသူတို့ကို တိုက်တော်မူပါ။ ဒိုင်းလွှားကိုကိုင်၍ အကျွန်ုပ်ကိုကူညီခြင်းငှာ ထတော်မူပါ။ အကျွန်ုပ်ကို လိုက်သောသူတို့ရှေ့၌ လှံတော်ကိုရွယ်၍ ဆီးတားတော်မူပါ။ ငါသည် သင်၌ချမ်းသာပေးသော သူပေတည်းဟု အကျွန်ုပ်၏ဝိညာဉ်အား မိန့်တော်မူပါ။ အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်ကို အန္တရာယ်ပြုမည်ဟု ကြံစည်သောသူတို့သည် လှန်ခြင်းကိုခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။ ထိုသူတို့သည် လေတိုက်သောဖွဲကဲ့သို့ ဖြစ်ကြပါစေသော။ ထာဝရဘုရား၏တမန်သည်လည်း သူတို့ကို လှဲပါစေသော။ သူတို့သွားသောလမ်းသည် မိုက်သောလမ်း၊ ချောသောလမ်း ဖြစ်ပါစေသော။ ထာဝရဘုရား၏ တမန်သည်လည်း သူတို့ကို လိုက်ပါစေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်အဖို့ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ အကြောင်းမရှိဘဲ အကျွန်ုပ်အသက်ကို သတ်စရာဖို့တွင်းကို တူးကြပါပြီ။ ထိုသို့သောသူသည် အမှတ်တမဲ့ပျက်စီးခြင်းသို့ ရောက်ပါစေသော။ မိမိဝှက်ထားသော ကျော့ကွင်းသည် မိမိကို ကျော့မိပါစေသော။ မိမိတွင်းထဲသို့ မိမိကျပါစေသော။ သို့ဖြစ်လျှင်၊ ငါ၏ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ ကယ်တင်တော်မူခြင်း အကြောင်းကိုလည်း အမှီပြု၍ စိတ်ရွှင်လန်းမြူးထူးခြင်းရှိလိမ့်မည်။ 10 အကျွန်ုပ်အရိုး ရှိသမျှတို့ကလည်း၊ အိုထာဝရဘုရား၊ အစိုးတရပြုသောသူ၏လက်မှ ဆင်းရဲသားကို နုတ်တော်မူ၍၊ လုယူဖျက်ဆီးတတ်သောသူ၏လက်၌ ဆင်းရဲငတ်မွတ်လျက် ခံနေရသောသူကို ချမ်းသာပေးတော်မူတတ်သော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်းဟု လျှောက်ဆိုကြမည်။
11 မမှန်သောသက်သေတို့သည် ပေါ်လာ၍၊ ငါမသိသောမှုပြစ်တို့ကို ငါ့အပေါ်မှာ တင်ကြ၏။ 12 ငါပြုသောကျေးဇူးအတွက် သူတို့သည် ငါ့အသက်ကို လုယူခြင်းတည်းဟူသော မကောင်းသောအရာကို ဆပ်ပေးကြ၏။ 13 ငါမူကား၊ သူတို့၌ အနာရောဂါစွဲသောအခါ၊ လျှော်တေအဝတ်ကို ဝတ်ဆင်လျက် အစာကိုရှောင်၍ ခြိုးခြံစွာ ကျင့်လေ၏။ ကိုယ်ရင်ခွင်ကို မျက်နှာပြုလျက် ဆုတောင်းလေ၏။ 14 သူတို့ကို ငါ၏မိတ်ဆွေ၊ ငါ၏ညီအစ်ကိုကဲ့သို့ သဘောထား၍ ငါပြု၏။ ကိုယ်အမိကိုအောက်မေ့၍၊ စိတ်မသာညည်းတွားသောသူကဲ့သို့ ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် တမှိုင်မှိုင်နေလေ၏။ 15 ငါလဲသောအခါမူကား၊ သူတို့သည် ဝမ်းမြောက်၍ စည်းဝေးကြ၏။ ရိုက်ပုတ်သောသူတို့သည် ငါ့တစ်ဖက်၌ စည်းဝေးကြ၏။ သူတို့ကိုလည်း ငါမသိရ။ မရပ်မနားဘဲ ငါ့ကိုဆွဲဖြတ်ကြ၏။ 16 ပွဲ၌ခစားတတ်သော လူဆိုးတို့နှင့်အတူ ငါ့ကို အံသွားခဲကြိတ်ကြ၏။
17 အိုထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံးကြည့်ရှု၍ နေတော်မူမည်နည်း။ အကျွန်ုပ်အသက်ကို သူတို့ပြုသော ဘေးဥပဒ်မှလည်းကောင်း၊ အကျွန်ုပ်အချစ်ဆုံးကို ခြင်္သေ့တို့မှလည်းကောင်း ကယ်လွှတ်တော်မူပါ။ 18 ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ်အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်။ များစွာသောလူစုတွင် ကိုယ်တော်ကို ချီးမွမ်းပါမည်။ 19 မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့်။ အကြောင်းမရှိဘဲ အကျွန်ုပ်ကိုမုန်းသော သူတို့လည်း မျက်စိစွေပြခြင်းကို မပြုကြပါစေနှင့်။Ref ၃၅:၁၉။ ဆာ ၆၉:၄။ ယော၊ ၁၅:၂၅။ 20 အကြောင်းမူကား၊ သူတို့သည် အမှုငြိမ်းစေသော စကားကို မပြောကြပါ။ ငြိမ်ဝပ်စွာနေသော ပြည်သားတို့တစ်ဖက်၌ လျှို့ဝှက်သောအမှုများကို ကြံစည်ကြပါ၏။ 21 အကျွန်ုပ်ကိုပါးစပ်ဟ၍ အေ့ဟေ၊ အေ့ဟေ၊ ငါတို့သည် ကိုယ်မျက်စိနှင့်မြင်ရပြီဟု ဆိုကြပါ၏။
22 အိုထာဝရဘုရား၊ ကိုယ်တော်သည် သိမြင်တော်မူ၏။ အိုဘုရားရှင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ 23 အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၌ရောက်သောအမှုကို စီရင်တော်မူမည်အကြောင်း ကိုယ်ကိုနှိုးဆော်၍ ထတော်မူပါ။ 24 အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူခြင်းနှင့်အညီ၊ အကျွန်ုပ်အမှုကို ဆုံးဖြတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ကိုနိုင်၍ ဝမ်းမမြောက်ကြပါစေနှင့်။ 25 အဲ၊ ငါတို့အလိုပြည့်စုံပြီဟု မအောက်မေ့ကြပါစေနှင့်။ ငါတို့သည် သူ့ကိုမျိုပြီဟု၊ မပြောကြပါစေနှင့်။ 26 အကျွန်ုပ်၌ ဘေးရောက်သည်အကြောင်းကို ဝမ်းမြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်တစ်ဖက်၌ ကိုယ်ကို ချီးမြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော။ 27 အကျွန်ုပ်၏ဟုတ်မှန်ခြင်းဘက်၌ နေသောသူတို့သည် ရွှင်လန်းစွာသီချင်းဆို၍ ဝမ်းမြောက်ကြပါစေသော။ မိမိကျွန်၌ ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက်တော်မူသော ထာဝရဘုရားသည် ဘုန်းကြီးတော်မူစေသတည်းဟု၊ သူတို့သည် အစဉ်မပြတ် မြွက်ဆိုကြပါစေသော။ 28 အကျွန်ုပ်သည်လည်း၊ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းအကြောင်းအရာကို မြွက်ဆို၍ အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်။