ဆာလံကျမ်း 27
အလင်းနှင့်ကယ်တင်ရှင်
ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ့၏အသက်ခိုလှုံရာ ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။ ငါ့ကိုအငြိုးထားသော ရန်သူလူဆိုးတို့သည်၊ ငါ့အသားကိုကိုက်စားမည်ဟု လာကြသောအခါ၊ ခြေတိုက်မိ၍လဲကြ၏။ ငါ့တစ်ဖက်၌ တပ်ချကြသော်လည်း၊ ငါ့နှလုံးမကြောက်တတ်။ စစ်ချီ၍လာကြသော်လည်း၊ ထိုအမှုတွင်ပင် တည်ကြည်သော စိတ်ရှိလိမ့်မည်။
ထာဝရဘုရား၏တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍၊ ဗိမာန်တော်၌မွေ့လျော်ခြင်းအလိုငှာ၊ ထာဝရဘုရား၏ အိမ်တော်မှာ တစ်သက်လုံးနေရမည်အကြောင်းတည်းဟူသော အခွင့်တစ်ခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။ အကြောင်းမူကား၊ ဘေးအန္တရာယ်ရောက်သည်ကာလ၊ တဲတော်တွင် ငါ့ကို ကွယ်ကာတော်မူမည်။ ဗိမာန်တော်အတွင်းအရပ်၌၊ ငါ့ကိုဝှက်ထားတော်မူမည်။ ကျောက်ပေါ်မှာလည်း ငါ့ကိုတင်ထားတော်မူမည်။ ယခုပင် ငါ့ပတ်လည်၌ရှိသော ရန်သူတို့၏အပေါ်သို့ ငါ၏ဦးခေါင်းကို ချီးမြှောက်တော်မူ၏။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ်ပူဇော်ပါမည်။ သီချင်းဆိုပါမည်။ ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။
အိုထာဝရဘုရား၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။ အကျွန်ုပ်ကိုသနား၍ ထူးတော်မူပါ။ ငါ၏မျက်နှာကိုရှာကြလော့ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာကိုရှာပါမည်။ အကျွန်ုပ်ကို မျက်နှာလွှဲတော်မမူပါနှင့်။ အမျက်ထွက်၍ ကိုယ်တော်၏ကျွန်ကို ပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော်မူဖူးသည်ဖြစ်၍၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ 10 ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။ 11 အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားပြသသွန်သင်တော်မူပါ။ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ 12 မမှန်သောသက်သေကိုခံသောသူတို့နှင့် ညှဉ်းဆဲခြင်းငှာ၊ ပြင်းစွာအသက်ရှူသော သူတို့သည် အကျွန်ုပ်တစ်ဖက်၌ ထကြသည်ဖြစ်၍၊ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်။ 13 အကယ်စင်စစ် အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ငါတွေ့မြင်ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ၏။ 14 ထာဝရဘုရားကို မျှော်လင့်လော့။ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မျှော်လင့်လျက်နေလော့။