ဆာလံကျမ်း 15
သန့်ရှင်းသောတဲတော်၌နေထိုင်သူများ
အိုထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊ ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကိုပြုကျင့်၍၊ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြောထသော၊ သူတစ်ပါး၏အသရေကို ပျက်စေခြင်းငှာပြောဆိုခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း ကဲ့ရဲ့ခြင်းကိုရှောင်ထသော၊ ဆိုးယုတ်သောသူကို အယုတ်ဟူ၍ ထင်မှတ်လျက်၊ ထာဝရဘုရားအားကြောက်ရွံ့သောသူကို ရိုသေထသော၊ ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆိုသော သစ္စာကတိကိုမဖျက်၊ ကိုယ်ငွေကိုချေး၍ အတိုးမယူ၊ အပြစ်မရှိသောသူ၏တစ်ဖက်မှ တံစိုးကိုမခံဘဲကျင့်သောသူသည် လှုပ်ရှားခြင်းနှင့် အစဉ်အမြဲ ကင်းလွတ်လိမ့်သတည်း။