ဆာလံကျမ်း 149
ထော​မ​နာ​သီ​ချင်း​
ထာဝရဘုရားရှေ့တော်၌ အသစ်သောသီချင်းကို ဆို၍၊ သန့်ရှင်းသူတို့ စည်းဝေးရာ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ဣသရေလအမျိုးသည် မိမိကိုဖန်ဆင်းတော်မူသောဘုရားကိုအမှီပြု၍ ဝမ်းမြောက်စေ။ ဇိအုန်သားတို့သည် မိမိတို့ရှင်ဘုရင်ကို အမှီပြု၍ ရွှင်လန်းကြစေ။ သူတို့သည်ကခုန်လျက် နာမတော်ကို ချီးမွမ်းကြစေ။ ပတ်သာနှင့်စောင်းကို တီးလျက် ထောမနာသီချင်း ဆိုကြစေ။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူစုကို နှစ်သက်တော်မူ၏။ စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်ခြင်းအားဖြင့် အသရေတင့်တယ်စေတော်မူ၏။ သန့်ရှင်းသူတို့သည် ဘုန်းကြီး၍ ဝမ်းမြောက်ဝမ်းသာကြစေ။ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာ သီချင်းဆိုကြစေ။ 6-9 တစ်ပါးအမျိုးသားတို့အား တရားအတိုင်းအပြစ်ပေး၍၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှာလည်းကောင်း၊ သူတို့၏ရှင်ဘုရင်များကို သံကြိုးနှင့်ချည်နှောင်၍၊ မှူးမတ်များကို သံခြေချင်းခတ်ခြင်းငှာလည်းကောင်း၊ ကျမ်းစာ၌မှတ်သားသောအပြစ်စီရင်ခြင်းကို သူတို့အား ပြုခြင်းငှာလည်းကောင်း၊ သန့်ရှင်းသူတို့သည် ဘုရားသခင်၏ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း၍၊ သန်လျက်ကို လက်နှင့်ကိုင်ကြစေ။ ထာဝရဘုရား၏ သန့်ရှင်းသူအပေါင်းတို့သည် ထိုသို့သောဘုန်းနှင့် ဆိုင်ကြ၏။ ဟာလေလုယ။