ဆာလံကျမ်း 140
ကွယ်​ကာ​စောင့်​ထိန်း​ရန်ဆု​တောင်း
အိုထာဝရဘုရား၊ ဆိုးသောသူ၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ ကြမ်းတမ်းသောသူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။ ထိုသူတို့သည် နှလုံးထဲမှာ မကောင်းသောအကြံအစည်ရှိ၍၊ စစ်မှုကို အစဉ်နှိုးဆော်ကြပါ၏။ သူတို့သည်မြွေကဲ့သို့ မိမိတို့လျှာကိုသွေးတတ်ကြပါ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ်အတောက်ရှိပါ၏။Ref ၁၄၀:၃။ ရော ၃:၁၃။ အိုထာဝရဘုရား၊ မတရားသောသူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှ ကွယ်ကာစောင့်မတော်မူပါ။ သူတို့သည် အကျွန်ုပ်ကိုလှဲခြင်းငှာ ကြံစည်ကြပါ၏။ မာနကြီးသောသူတို့သည် အကျွန်ုပ်ဖို့ကျော့ကွင်းနှင့် ကြိုးသေးများကို ဝှက်ထားကြပါ၏။ အကျွန်ုပ်သွားရာလမ်း၌ ကွန်ရွက်ကိုဖြန့်၍ ညွှတ်များကိုထားကြပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏ဟု ထာဝရဘုရားအား လျှောက်ထားပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ အိုဘုရားရှင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ကယ်တင်ခြင်းအစွမ်းသတ္တိ ဖြစ်တော်မူ၏။ စစ်တိုက်ရသောနေ့၌ အကျွန်ုပ်၏ဦးခေါင်းကို ဖုံးအုပ်တော်မူ၏။
အိုထာဝရဘုရား၊ မတရားသောသူ၏ အလိုပြည့်စုံရသောအခွင့်၊ သူ၏အကြံထမြောက်ရသောအခွင့် ရှိစေတော်မမူပါနှင့်။ ထိုသို့သောသူတို့သည် အကျွန်ုပ်ပတ်လည်၌၊ မိမိတို့ဦးခေါင်းကို မချီးမြှောက်ရဘဲ၊ မိမိတို့မြွက်ဆိုသော မကောင်းကျိုးသည် မိမိတို့ကို လွှမ်းမိုးပါစေသော။ 10 မီးခဲတို့သည် ထိုသူတို့အပေါ်သို့ ကျရောက်ကြပါစေသော။ မီးထဲသို့လည်းကောင်း၊ နက်သောတွင်းထဲသို့လည်းကောင်း ကျကြပါစေသော။ တစ်ဖန်မထကြပါစေနှင့်။ 11 ကဲ့ရဲ့တတ်သောသူသည် မြေပေါ်မှာနေရာမမြဲပါစေနှင့်။ ကြမ်းတမ်းသောသူကိုလည်း ဖျက်ဆီးသည်တိုင်အောင် ဘေးဥပဒ်သည် လိုက်ပါစေသော။ 12 ထာဝရဘုရားသည် ဆင်းရဲသောသူ၏အမှုကိုစောင့်၍၊ ငတ်မွတ်သောသူဘက်၌ တရားစီရင်တော်မူမည်ဟု ငါသိ၏။ 13 အကယ်စင်စစ်တရားသောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါလိမ့်မည်။ သဘောဖြောင့်သောသူတို့သည် အထံတော်၌ နေရကြပါလိမ့်မည်။