ဆာလံကျမ်း 137
တိုင်း​တစ်​ပါးတွင်​မြည်​တမ်း​ခြင်း
ဗာဗုလုန်မြစ်တို့အနားမှာ ငါတို့သည်ထိုင်၍၊ ဇိအုန်မြို့ကိုအောက်မေ့လျက် ငိုကြွေးကြ၏။ ငါတို့စောင်းများကိုလည်း ထိုအရပ်တွင် မိုးမခပင်တို့၌ ဆွဲထားကြ၏။ အကြောင်းမူကား၊ ထိုအရပ်၌ ငါတို့ကို ဖမ်းသွားချုပ်ထားသောသူနှင့်၊ ငါတို့ကို ညှဉ်းဆဲသောသူတို့က၊ ဇိအုန်သီချင်းကို ငါတို့အားဆိုကြလော့ဟု၊ သီချင်းဆိုသံကိုလည်းကောင်း၊ ရွှင်လန်းသောအသံကိုလည်းကောင်း ငါတို့၌ တောင်းကြပါသည်တကား။ တစ်ကျွန်းတစ်နိုင်ငံ၌ ထာဝရဘုရား၏သီချင်းကို အဘယ်သို့ ဆိုရပါမည်နည်း။ အိုယေရုရှလင်မြို့၊ သင့်ကို ငါမေ့လျှင် ငါ့လက်ယာလက်သည် မိမိအတတ်ကိုမေ့ပါစေ။ သင့်ကို ငါမအောက်မေ့၊ အမြတ်ဆုံးသော ဝမ်းမြောက်ခြင်းအကြောင်းထက်၊ ယေရုရှလင်မြို့ကို အမြတ်မထားလျှင်၊ ငါ့လျှာသည် အာခေါင်၌ကပ်ပါစေ။
အိုထာဝရဘုရား၊ ယေရုရှလင်မြို့၏ နေ့ရက်အချိန်ရောက်သောအခါ၊ မြို့ရိုးကို အမြစ်တိုင်အောင် ရှင်းလိုက်ကြ၊ ရှင်းလိုက်ကြဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။ ဖျက်ဆီးတတ်သော ဗာဗုလုန်မင်းသမီး၊ သင်သည် ငါတို့၌ပြုသည်အတိုင်း၊ သင်၌ အပြစ်ကို ဆပ်ပေးသောသူသည် မင်္ဂလာရှိ၏။ သင်၏သူငယ်တို့ကိုကိုင်ယူ၍၊ ကျောက်ပေါ်မှာဆောင့်သောသူသည် မင်္ဂလာရှိ၏။Ref ၁၃၇:၈။ ဗျာ ၁၈:၆။