ဆာလံကျမ်း 128
ထာဝရဘုရားကိုကြောက်ရွံ့​ခြင်း​အ​ကျိုး
ထာဝရဘုရားကိုကြောက်ရွံ့၍၊ လမ်းခရီးတော်သို့လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။ ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ်ဆောင်၍ရသောအစာကို စားရလိမ့်မည်။ မင်္ဂလာရှိ၍ ကောင်းစားရလိမ့်မည်။ သင်၏မယားသည် သင့်အိမ်နားမှာ များစွာအသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့လည်းကောင်း၊ သားသမီးတို့သည် သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသောသံလွင်ပင်များကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့သောသူသည် ထိုသို့သောမင်္ဂလာရှိရလိမ့်မည်။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းချီးပေးတော်မူ၍၊ ယေရုရှလင်မြို့ခံရသော ကောင်းကျိုးကို တစ်သက်လုံးမြင်ရလိမ့်မည်။ မိမိသားသမီးတို့၌ ဖွားမြင်သောသားသမီးတို့ကိုလည်း မြင်ရလိမ့်မည်။ ဣသရေလအမျိုး၌ ငြိမ်ဝပ်ခြင်း ရှိပါစေသော။