ဆာလံကျမ်း 124
ကွယ်​ကာ​တော်​မူ​သောဘု​ရား​သ​ခင်
ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော်မမူလျှင်ဟူသော စကားနှင့်ချီ၍၊ ဣသရေလအမျိုးဆိုရသော စကားဟူမူကား၊ ထာဝရဘုရားသည် ငါတို့ဘက်မှာရှိတော်မမူလျှင်၊ လူတို့သည် ငါတို့ရန်ဘက်၌နေကြသောအခါ၊ အမျက်ထွက်၍ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား။ ထိုအခါ ငါတို့ကို ရေသည်၊ လွှမ်းမိုး၍ စီးသောရေသည် ငါတို့ဝိညာဉ်အပေါ်မှာ ကျော်သွားပြီတကား။ စော်ကားသောရေတို့သည် ငါတို့အသက်ဝိညာဉ်အပေါ်မှာ ကျော်သွားကြပြီတကား။ သူတို့သွားနှင့် ကိုက်ခဲရာဖို့ ငါတို့ကိုအပ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ငှက်သည် မုဆိုးတို့၏ကျော့ကွင်းထဲကလွတ်သကဲ့သို့၊ ငါတို့အသက်သည် လွတ်လျက်ရှိ၏။ ကျော့ကွင်းပြတ်၍ ငါတို့သည် လွတ်ကြပြီ။ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏နာမတော်အားဖြင့်၊ ငါတို့သည် မစခြင်းကျေးဇူးကို ခံရကြသတည်း။