ဆာလံကျမ်း 122
ယေ​ရု​ရှ​လင်​မြို့​ကို​ချီး​မွမ်း​ခန်း
ငါတို့သည် ထာဝရဘုရား၏အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတစ်ပါးတို့သည် ပြောကြသောအခါ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။ အို ယေရုရှလင်မြို့၊ သင်၏တံခါးတို့အတွင်း၌ ငါတို့သည်ရပ်၍ နေကြလိမ့်မည်။ ယေရုရှလင်မြို့သည် စေ့စပ်သောမြို့ကဲ့သို့ တည်၏။ အမျိုးအနွယ်တို့သည် ထိုမြို့သို့တက်ကြ၏။ ဣသရေလအမျိုးထုံးစံရှိသည်အတိုင်း၊ ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းခြင်းငှာ တက်သွားကြ၏။ ထိုမြို့၌ တရားစီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့သည် တည်ကြ၏။ ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆုတောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သောသူတို့သည် ချမ်းသာရကြပါစေသော။ သင်၏မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံဗိမာန်တို့၌ ချမ်းသာခြင်း ရှိပါစေသော။ သင်၌ ငြိမ်ဝပ်ခြင်းရှိပါစေသောဟု ငါသည် ညီအစ်ကိုအတွက်၊ အဆွေခင်ပွန်းတို့အတွက် ပြောဆိုပါမည်။ ငါတို့ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကို ထောက်၍၊ သင်၏အကျိုးကို ရှာပါမည်။