ဆာလံကျမ်း 12
ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​
အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ။ သူတော်ကောင်းမျိုးသည်ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင် ကွယ်ပျောက်ပါ၏။ အိမ်နီးချင်းတို့သည် တစ်ဦးကိုတစ်ဦး မုသားသုံး၍ ချော့မော့သောနှုတ်ခမ်း၊ နှစ်ခွသောစိတ်နှင့် ပြောတတ်ကြပါ၏။ ငါတို့သည် ကိုယ်လျှာအားဖြင့်နိုင်မည်။ ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကိုစောင့်လိမ့်မည်။ ငါတို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆိုသောသူတို့၏ ချော့မော့သောနှုတ်ခမ်းနှင့် ဝါကြွားသောလျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်။ ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်။ ကဲ့ရဲ့ခြင်းကို ခံရသောသူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားမိန့်တော်မူချက်တို့သည် သန့်ရှင်းခြင်းရှိ၍ မြေနှင့်ကင်းစင်စေခြင်းငှာ၊ မိုက်၌ခုနစ်ကြိမ်စစ်သော ငွေကဲ့သို့ဖြစ်ကြ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ် စောင့်မတော်မူမည်။ ဆိုးယုတ်သောသူတို့သည် ချီးမြှောက်ခြင်းသို့ရောက်သည်ကာလ၊ မတရားသောသူတို့သည် အရပ်ရပ် လှည့်လည်ရသောအခွင့်ရှိကြ၏။