ဆာလံကျမ်း 119
ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​
ထာဝရဘုရား၏တရားလမ်း၌ မလွဲမတိမ်း၊ လိုက်သွားသော သူတို့သည် မင်္ဂလာရှိကြ၏။ သက်သေခံတော်မူချက်တို့ကို စောင့်၍၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာသောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် ဒုစရိုက်ကိုမပြု၊ လမ်းခရီးတော်၌ လိုက်သွားတတ်ကြ၏။ အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဖို့ရာ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ။ ကိုယ်တော်၏အထုံးအဖွဲ့များကို စောင့်နိုင်မည်အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့်ပါစေသော။ အကျွန်ုပ်သည် ပညတ်တော်အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏။ ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျက်ပြီးမှ၊ ဂုဏ်တော်ကို ဖြောင့်သောသဘောနှင့် ချီးမွမ်းပါမည်။ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်။ အကျွန်ုပ်ကို ရှင်းရှင်း စွန့်ပစ်တော်မမူပါနှင့်။
နှုတ်ကပတ်​တော်​ကို​စောင့်​ထိန်း​ခြင်း​
လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော်အတိုင်း သတိပြုရမည်။ 10 အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။ 11 ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။ 12 အို ထာဝရဘုရား၊ ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။ 13 စီရင်တော်မူရာ နှုတ်တော်ထွက် အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏။ 14 ခပ်သိမ်းသော စည်းစိမ်ဥစ္စာကိုရဘိသကဲ့သို့၊ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏။ 15 ပေးတော်မူသော ဩဝါဒကိုဆင်ခြင်၍ လမ်းခရီးတော်တို့ကို ကြည့်ရှုပါ၏။ 16 အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။
နှုတ်ကပတ်​တော်​စောင့်​ထိန်း​ခြင်းမင်္ဂ​လာ
17 ကိုယ်တော်၏ကျွန်သည် အသက်ရှင်၍၊ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း၊ ကျေးဇူးပြုတော်မူပါ။ 18 တရားတော်၌ အံ့ဖွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း၊ အကျွန်ုပ်၏မျက်စိတို့ကို ဖွင့်တော်မူပါ။ 19 အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏။ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။ 20 စီရင်တော်မူချက်တို့ကို အစဉ်မပြတ် တောင့်တသောအားဖြင့်၊ အကျွန်ုပ်၏ စိတ်နှလုံးကြေကွဲလျက်ရှိပါ၏။ 21 မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး၍၊ အကျိန်ခံရသော သူတို့ကို ကိုယ်တော် ဆုံးမတော်မူ၏။ 22 အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့ကို စောင့်ပါသည်ဖြစ်၍၊ ကဲ့ရဲ့ခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ။ 23 မင်းတို့သည် အကျွန်ုပ်တစ်ဖက်၌ ထိုင်၍ ပြောကြပါ၏။ ကိုယ်တော်၏ကျွန်မူကား၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက်နေပါ၏။ 24 သက်သေခံတော်မူချက်တို့သည် အကျွန်ုပ်မွေ့လျော်ရာ၊ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏။
နှုတ်ကပတ်​တော်​လိုက်​နာ​ရန်​သန္နိ​ဋ္ဌာန်
25 အကျွန်ုပ်၏အသက်သည် မြေမှုန့်၌ မှီဝဲလျက်ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။ 26 အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကိုဖော်ပြ၍၊ ကိုယ်တော်သည် နားထောင်တော်မူပြီ။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။ 27 ပေးတော်မူသော ဩဝါဒလမ်းကို အကျွန်ုပ်နားလည်စေတော်မူပါ။ သို့ပြုလျှင် အံ့ဖွယ်သော အမှုတော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။ 28 အကျွန်ုပ် ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံးအရည်ယိုလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။ 29 မုသားလမ်းကို အကျွန်ုပ်ရှောင်ပါမည်အကြောင်း၊ ကယ်မ၍တရားတော်ကို ပေးသနားတော်မူပါ။ 30 သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ။ စီရင်တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ။ 31 သက်သေခံတော်မူချက်တို့၌ မှီဝဲပါပြီ။ အို ထာဝရဘုရား၊ အရှက်ကွဲစေတော်မမူပါနှင့်။ 32 အကျွန်ုပ်ဉာဏ်ကို ပွင့်စေတော်မူသည်ဖြစ်၍၊ ပညတ်တော်လမ်းသို့ အလျင်အမြန် လိုက်ပါမည်။
ဉာဏ်​ပွင့်​လင်း​ရန်​ဆု​တောင်း
33 အို ထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။ 34 ဉာဏ်ကို ပေးတော်မူပါ။ တရားတော်ကို စောင့်ပါမည်။ စိတ်နှလုံးအကြွင်းမဲ့စောင့်ပါမည်။ 35 ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ ထိုလမ်းကိုနှစ်သက်ပါ၏။ 36 အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ်၊ သက်သေခံတော်မူချက်တို့ဘက်သို့ ဆွဲတော်မူပါ။ 37 အနတ္တကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။ 38 ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ကျွန်၌ ဗျာဒိတ်တော်ကို တည်စေတော်မူပါ။ 39 အကျွန်ုပ်ကြောက်သောကဲ့ရဲ့ခြင်းကို ပယ်ပျောက်စေတော်မူပါ။ စီရင်တော်မူချက်တို့သည် ကောင်းမွန်ကြပါ၏။ 40 ပေးတော်မူသောဩဝါဒများကို တောင့်တပါ၏။ ဖြောင့်မတ်ခြင်းတရားတော်အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
​နှုတ်ကပတ်​တော်​ကို​ကိုး​စား​ခြင်း​
41 အို ထာဝရဘုရား၊ ဗျာဒိတ်တော်အတိုင်း ကရုဏာတော်တည်းဟူသော ကယ်တင်တော်မူခြင်းကျေးဇူးတော်သည် အကျွန်ုပ်၌ရောက်ပါစေသော။ 42 ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ကိုးစားသည်ဖြစ်၍၊ ကဲ့ရဲ့သောသူ၏စကားကို ချေစရာအကြောင်း ရှိရပါလိမ့်မည်။ 43 စီရင်တော်မူချက်တို့ကို အကျွန်ုပ်မျှော်လင့်သည်ဖြစ်၍၊ အကျွန်ုပ်၏နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော်မမူပါနှင့်။ 44 ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်။ 45 ပေးတော်မူသော ဩဝါဒများကို အကျွန်ုပ်ရှာဖွေမေးမြန်းသည်ဖြစ်၍၊ အဆီးအတားမရှိဘဲ သွားလာရပါ၏။ 46 သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။ 47 အကျွန်ုပ်သည် နှစ်သက်သောပညတ်တော်တို့၌ မွေ့လျော်ပါမည်။ 48 နှစ်သက်သော ပညတ်တော်တို့အားလက်တို့ကိုချီ၍၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။
နှုတ်ကပတ်​တော်​ကိုယုံ​ကြည်​ခြင်း
49 အကျွန်ုပ် မျှော်လင့်စရာအကြောင်း၊ ကိုယ်တော်၏ကျွန်၌ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။ 50 ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍၊ ဆင်းရဲကိုခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော်သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ၏။ 51 မာနကြီးသောသူတို့သည် အကျွန်ုပ်ကို အလွန်ကဲ့ရဲ့သော်လည်း၊ ကိုယ်တော်၏တရားလမ်းကို အကျွန်ုပ်မရှောင်ပါ။ 52 အို ထာဝရဘုရား၊ ရှေးကာလ၌ စီရင်တော်မူချက်တို့ကို အကျွန်ုပ် အောက်မေ့၍၊ ကိုယ်ကိုယ်ကို နှစ်သိမ့်စေပါ၏။ 53 တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ကြောင့်၊ အကျွန်ုပ်၌ ပူလောင်သောစိတ် စွဲလန်းလျက် ရှိပါ၏။ 54 အကျွန်ုပ်ဧည့်သည် နေရာအိမ်တွင် အထုံးအဖွဲ့တော်တို့သည် အကျွန်ုပ်သီချင်းဆိုရာအကြောင်း ဖြစ်ကြပါ၏။ 55 အို ထာဝရဘုရား၊ ညအချိန်၌ နာမတော်ကို အကျွန်ုပ်အောက်မေ့၍ တရားတော်ကိုစောင့်ပါ၏။ 56 ပေးတော်မူသောဩဝါဒများကို နားထောင်သောအားဖြင့် အားရပါ၏။
နှုတ်ကပတ်တော်​ကိုစွဲ​လမ်း​စိတ်
57 အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏အဖို့ ဖြစ်တော်မူ၏။ နှုတ်ကပတ်စကားတော်တို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ။ 58 ကျေးဇူးတော်ကို ခံရပါမည်အကြောင်း၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းပန်ပါ၏။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကိုသနားတော်မူပါ။ 59 ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သောအခါ၊ သက်သေခံတော်မူချက်တို့သို့ လှည့်၍လိုက်ပါ၏။ 60 ပညတ်တော်တို့ကိုစောင့်ခြင်းငှာ မဖင့်မနွှဲ အလျင်အမြန် ပြုပါ၏။ 61 မတရားသောသူအပေါင်းတို့သည် ကျွန်ုပ်ကိုဝိုင်းကြသော်လည်း၊ အကျွန်ုပ်သည် တရားတော်ကို မမေ့မလျော့ပါ။ 62 တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက်၍၊ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ၊ သန်းခေါင်အချိန်၌ အကျွန်ုပ် ထတတ်ပါ၏။ 63 ကိုယ်တော်ကိုကြောက်ရွံ့သောသူ၊ ပေးတော်မူသောဩဝါဒကို နားထောင်သောသူရှိသမျှတို့နှင့် အကျွန်ုပ် ပေါင်းဖော်တတ်ပါ၏။ 64 အိုထာဝရဘုရား၊ မြေကြီးသည် ကရုဏာတော်နှင့် ပြည့်ဝပါ၏။
နှုတ်ကပတ်​တော်​တန်​ဖိုး
65 အိုထာဝရဘုရား၊ နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏ကျွန်၌ ကျေးဇူးပြုတော်မူ၏။ 66 ပညတ်တော်တို့ကို အကျွန်ုပ်ယုံကြည်သည်ဖြစ်၍၊ ကောင်းသောဉာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။ 67 အကျွန်ုပ်သည် ဆင်းရဲမခံမီ လမ်းလွဲပါ၏။ ယခုမူကား၊ ဗျာဒိတ်တော်အတိုင်း ကျင့်စောင့်ပါ၏။ 68 ကိုယ်တော်သည် ကောင်းသောသဘော၊ ကျေးဇူးပြုတတ်သောသဘော ရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။ 69 မာနကြီးသောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ မုသားစကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို စိတ်နှလုံးအကြွင်းမဲ့ကျင့်ပါ၏။ 70 သူတို့နှလုံးသည် ဆီဥကဲ့သို့ ခဲလျက်ရှိ၏။ အကျွန်ုပ်မူကား၊ ကိုယ်တော်၏တရား၌ မွေ့လျော်ပါ၏။ 71 အထုံးအဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှာ၊ အကျွန်ုပ်ဆင်းရဲခံရသော ကျေးဇူးသည် ကြီးပါ၏။ 72 နှုတ်တော်ထွက် တရားတော်သည် ရွှေငွေအထောင်အသောင်းထက်မက၊ အကျွန်ုပ်၌ သာ၍ကောင်းပါ၏။
နှုတ်ကပတ်တော်​၏တ​ရား​မျှတ​မှု
73 ကိုယ်တော်၏လက်တို့သည် အကျွန်ုပ်ကိုဖန်ဆင်း၍၊ ပုံသဏ္ဌာန်ကို ပေးတော်မူပြီ။ ပညတ်တော်တို့ကို အကျွန်ုပ်သင်နိုင်သော ဉာဏ်နှင့် ပြည့်စုံစေတော်မူပါ။ 74 နှုတ်ကပတ်တော်ကို အကျွန်ုပ်မျှော်လင့်သောကြောင့်၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကိုမြင်၍ ဝမ်းမြောက်ကြပါလိမ့်မည်။ 75 အို ထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကိုလည်း​ကောင်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ်ကို ဆင်းရဲစေတော်မူကြောင်းကိုလည်း​ကောင်း အကျွန်ုပ်သိပါ၏။ 76 ကိုယ်တော်၏ကျွန်၌ မိန့်တော်မူချက်အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကို ချမ်းသာပေးပါစေသောဟု ဆုတောင်းပါ၏။ 77 ကိုယ်တော်၏တရားသည် အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင်မည်အကြောင်း၊ သနားစုံမက်တော်မူခြင်းသည် သက်ရောက်ပါစေသော။ 78 မာနကြီးသောသူတို့သည် ရှက်ကြောက်ကြပါစေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ်မူကား ကိုယ်တော်၏ဥပဒေသများကို ဆင်ခြင်အောက်မေ့ပါမည်။ 79 ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ သက်သေခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော။ 80 ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော။
ကယ်​နုတ်​တော်​မူ​ရန်​ဆု​တောင်း
81 အကျွန်ုပ်၏ဝိညာဉ်သည် ကယ်တင်တော်မူခြင်းကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော်ကို မျှော်လင့်ပါ၏။ 82 အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေးတော်မူပါမည်နည်းဟူ၍၊ အကျွန်ုပ်မျက်စိတို့သည် ဗျာဒိတ်တော်ကို မျှော်လင့်လျက် အားကုန်ပါ၏။ 83 မီးခိုး၌ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏။ သို့သော်လည်း၊ အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ။ 84 ကိုယ်တော်၏ကျွန်နေရသော နေ့ရက်ကာလ အဘယ်မျှလောက် ကြာရပါမည်နည်း။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့အား၊ အဘယ်ကာလမှ တရားဆုံးဖြတ်တော်မူမည်နည်း။ 85 မာနကြီးသောသူ၊ ကိုယ်တော်၏တရားကို လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဖို့ တွင်းများကို တူးကြပါပြီ။ 86 အလုံးစုံသော ပညတ်တော်တို့သည် သစ္စာနှင့် ပြည့်စုံကြပါ၏။ သူတစ်ပါးတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသည်ဖြစ်၍၊ မစတော်မူပါ။ 87 သူတို့သည် အကျွန်ုပ်ကို မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းလုပါပြီ။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို အကျွန်ုပ်မစွန့်ပါ။ 88 ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ နှုတ်တော်ထွက် ဗျာဒိတ်တော်ကို စောင့်ပါမည်။
နှုတ်ကပတ်တော်​ကို​ကိုး​စား​ခြင်း
89 အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏။ 90 သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ၏။ မြေကြီးကို တည်စေတော်မူသဖြင့်၊ သူသည် အမြဲနေပါ၏။ 91 ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၏ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင်အောင် အမြဲနေကြပါ၏။ 92 အကျွန်ုပ်သည် ကိုယ်တော်၏တရား၌ မွေ့လျော်ခြင်းမရှိလျှင်၊ အထက်ကဆင်းရဲခံစဉ် ပျက်စီးပါပြီ။ 93 ကိုယ်တော်၏ ဥပဒေများကို အစဉ်မမေ့မလျော့နိုင်ပါ။ အကြောင်းမူကား၊ ထိုဥပဒေသများအားဖြင့်၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။ 94 အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ဥပဒေသများကို ရှာဖွေလိုက်စစ်သောကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ 95 အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှာ၊ မတရားသောသူတို့သည် စောင့်လျက်နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက်မေ့ပါမည်။ 96 ခပ်သိမ်းသော စုံလင်ခြင်း၏အဆုံးကို အကျွန်ုပ် မြင်ပါပြီ။ ပညတ်တရားတော်မူကား၊ အလွန်ကျယ်ဝန်းပါ၏။
တရား​တော်​ကိုနှစ်​သက်​မြတ်​နိုး​ခြင်း
97 ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက် နေပါ၏။ 98 ပညတ်တရားတော်သည် အကျွန်ုပ်၏ရန်သူတို့ထက်၊ အကျွန်ုပ်ကိုသာ၍ ပညာရှိစေပါ၏။ ပညတ်တရားတော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏။ 99 သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့်၊ အကျွန်ုပ်၏ ဆရာအပေါင်းတို့ထက် သာ၍နားလည်ပါ၏။ 100 ကိုယ်တော်၏ဥပဒေသများကို စောင့်သောကြောင့်၊ အသက်ကြီးသူတို့ထက် သာ၍ ဉာဏ်ကောင်းပါ၏။ 101 နှုတ်ကပတ်တော်ကို စောင့်လိုသောငှာ၊ မကောင်းသောလမ်းရှိသမျှတို့ကို လွှဲရှောင်ပါ၏။ 102 ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့်၊ စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ၍ မသွားပါ။ 103 မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချိုကြပါ၏။ ခံတွင်းထဲမှာ ပျားရည်ထက်သာ၍ ချိုကြပါ၏။ 104 ကိုယ်တော်၏ ဥပဒေသများအားဖြင့်၊ အကျွန်ုပ်သည် ဉာဏ်တိုးပွား၍၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။
နှုတ်ကပတ်​တော်​မှ​အ​လင်း
105 နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။ 106 ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါမည်ဟု အကျွန်ုပ်ကျိန်ဆိုသည် အတိုင်းပြုပါမည်။ 107 အို ထာဝရဘုရား၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းကို ခံရပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။ 108 အိုထာဝရဘုရား၊ အကျွန်ုပ်သည် စေတနာစိတ်ရှိ၍၊ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သကာတို့ကို နှစ်သက်တော်မူပါ၏။ စီရင်တော်မူချက်တို့ကိုလည်း၊ အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏။ 109 အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိပါ၏။ သို့သော်လည်း၊ တရားတော်ကို မမေ့မလျော့ပါ။ 110 မတရားသောသူတို့သည် အကျွန်ုပ်ဖို့ ကျော့ကွင်းကို ထောင်ထားကြပါ၏။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများမှ လွှဲ၍မသွားပါ။ 111 သက်သေခံတော်မူချက်တို့သည် အကျွန်ုပ်နှလုံးရွှင်လန်းရာဖြစ်၍၊ ကိုယ်အမွေဥစ္စာဖို့ အစဉ်အမြဲ ခံယူပါ၏။ 112 အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှာ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏။
နှုတ်ကပတ်တော်​လုံ​ခြုံ​မှု
113 အကျွန်ုပ်သည် အဓမ္မလူတို့ကို မုန်း၍၊ ကိုယ်တော်၏တရားကို နှစ်သက်ပါ၏။ 114 ကိုယ်တော်သည် အကျွန်ုပ်၏အကွယ်အကာ၊ အကျွန်ုပ်၏ဒိုင်းလွှား ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်ကို မျှော်လင့်လျက်နေပါ၏။ 115 ဒုစရိုက်ကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင့်မည်။ 116 အကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း၊ မိန့်တော်မူချက်အတိုင်း ထောက်မတော်မူပါ။ အကျွန်ုပ် မျှော်လင့်ခြင်းအကြောင်းမှ မရှက်မကြောက်ပါစေနှင့်။ 117 အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲ ထောက်ရှုပါမည်။ 118 အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသောသူတို့ကို ပယ်တော်မူ၏။ သူတို့ပရိယာယ်သည် မုသားဖြစ်ပါ၏။ 119 မတရားသော မြေသားအပေါင်းတို့ကို ချော်ကဲ့သို့ မှတ်တော်မူ၏။ ထိုကြောင့် သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။ 120 ကိုယ်တော်ကို ထိတ်လန့်သဖြင့်၊ အကျွန်ုပ်သည် ကြက်သီးမွေးညင်းထ၍၊ စီရင်တော်မူချက်တို့မှ ကြောက်ပါ၏။
နှုတ်ကပတ်တော်​ကို​လိုက်​လျှောက်​ခြင်း
121 အကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းကို ပြုပါပြီ။ ညှဉ်းဆဲသော သူတို့လက်၌ အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်။ 122 ကိုယ်တော်၏ ကျွန်အဖို့အလိုငှာ အာမခံတော်မူပါ။ မာနကြီးသောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြပါစေနှင့်။ 123 ကယ်တင်တော်မူခြင်း ကျေးဇူးကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားတော်နှင့် ယှဉ်သော ဗျာဒိတ်တော်ကိုလည်းကောင်း၊ အကျွန်ုပ်မျက်စိသည်မျှော်၍ အားကုန်ပါပြီ။ 124 ကရုဏာတော်ရှိသည်အတိုင်း၊ ကိုယ်တော်၏ကျွန်၌ပြု၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။ 125 အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။ သက်သေခံတော်မူချက်တို့ကို နားလည်နိုင်သော ဉာဏ်ကို ပေးသနားတော်မူပါ။ 126 အို ထာဝရဘုရား၊ စီရင်တော်မူချိန် ရောက်ပါပြီ။ သူတစ်ပါးများတို့သည် တရားတော်ကို ပယ်ကြပါ၏။ 127 အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက်မက၊ ရွှေစင်ထက် သာ၍ နှစ်သက်ပါ၏။ 128 သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့သည် ဖြောင့်ကြသည်ဟု ထင်မှတ်လျက်၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။
နှုတ်ကပတ်တော်​ကို​လိုက်​နာ​ရန်
129 သက်သေခံတော်မူချက်တို့သည် အံ့ဩဖွယ်ဖြစ်၍၊ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ်ပါ၏။ 130 နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကိုပေး၍၊ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏။ 131 ပညတ်တော်တို့ကို အကျွန်ုပ်တောင့်တအားကြီးသဖြင့်၊ နှုတ်ကိုဖွင့်၍ ပန်းဟိုက်ပါ၏။ 132 နာမတော်ကိုချစ်သော သူတို့၌ ပြုတော်မူတတ်သည်အတိုင်း၊ အကျွန်ုပ်ကို ကြည့်ရှု၍ ကယ်မသနားတော်မူပါ။ 133 မိန့်တော်မူချက်အစဉ်အတိုင်း အကျွန်ုပ်ခြေလှမ်းတို့ကို ဖြောင့်စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည်သော ဒုစရိုက်မျှ အစိုးမရပါစေနှင့်။ 134 လူတို့၏ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ရွေးနုတ်တော်မူပါ။ ကိုယ်တော်၏ဥပဒေသများကို စောင့်ပါမည်။ 135 မျက်နှာတော်၏အလင်းကို ကိုယ်တော်၏ကျွန်အပေါ်မှာ ထွန်းလင်းစေ၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။ 136 သူတစ်ပါးများတို့သည် တရားတော်ကိုမစောင့်သောကြောင့်၊ အကျွန်ုပ်မျက်စိတို့မှ မျက်ရည်သည် မြစ်ရေကဲ့သို့ စီးပါ၏။
နှုတ်ကပတ်တော်​၏တ​ရားမျှတ​ခြင်း
137 အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူ၏။ စီရင်တော်မူချက်တို့သည် ဖြောင့်မတ်ကြပါ၏။ 138 ထားတော်မူသော သက်သေခံတော်မူချက်တို့သည်လည်း တရားနှင့်ညီ၍ သစ္စာမြဲကြပါ၏။ 139 ရန်သူတို့သည် စကားတော်တို့ကို မေ့လျော့သောကြောင့်၊ စွဲလန်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို ညှဉ်းဆဲပါ၏။ 140 နှုတ်ကပတ်တော်သည် အလွန်စင်ကြယ်သည်ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် နှစ်သက်ပါ၏။ 141 အကျွန်ုပ်သည် ငယ်သောသူ၊ မထီမဲ့မြင်ပြုခြင်းကို ခံရသောသူဖြစ်ပါ၏။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို မမေ့မလျော့ပါ။ 142 ဖြောင့်မတ်တော်မူခြင်းသည် နိစ္စထာဝရဖြောင့်မတ်ခြင်းဖြစ်ပါ၏။ ကိုယ်တော်၏တရားသည် သစ္စာတရားဖြစ်ပါ၏။ 143 ဆင်းရဲညှိုးငယ်ခြင်းသို့ ရောက်သော်လည်း၊ ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။ 144 သက်သေခံတော်မူချက်တို့သည် အစဉ်အမြဲ ဖြောင့်ကြပါ၏။ အကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း၊ ဉာဏ်ကိုပေးသနားတော်မူပါ။
ကယ်​နုတ်​တော်​မူ​ရန်​ဆု​တောင်း
145 အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့အော်ဟစ်ပါ၏။ အိုထာဝရဘုရား နားထောင်တော်မူပါ။ အထုံးအဖွဲ့တော်တို့ကို စောင့်ပါမည်။ 146 ကိုယ်တော်ကို အော်ဟစ်ပါ၏။ ကယ်တင်တော်မူပါ။ သက်သေခံတော်မူချက်တို့ကို စောင့်ပါမည်။ 147 မိုးမလင်းမီ အကျွန်ုပ် အော်ဟစ်တတ်ပါ၏။ နှုတ်ကပတ်တော်ကို မျှော်လင့်လျက်နေပါ၏။ 148 ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသောငှာ၊ ညဉ့်ယံမလွန်မီ အကျွန်ုပ်နိုးတတ်ပါ၏။ 149 အို ထာဝရဘုရား၊ ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ စီရင်တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ 150 မကောင်းသောအကြံအစည်၌ ကျင်လည်သော သူတို့သည် အနီးသို့ချဉ်းကြပါ၏။ သူတို့သည် ကိုယ်တော်၏တရားနှင့် ဝေးကြပါ၏။ 151 အို ထာဝရဘုရား၊ ကိုယ်တော်သည် နီးတော်မူ၏။ အလုံးစုံသော ပညတ်တော်တို့သည် သစ္စာဖြစ်ကြပါ၏။ 152 သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲထားတော်မူကြောင်းကို၊ ရှေ့ဦးစွာမှစ၍ အကျွန်ုပ်သိပါ၏။
ကယ်​တင်​တော်​မူ​ရန်​ပန်​ကြား​ချက်
153 အကျွန်ုပ်ခံရသော ဆင်းရဲခြင်းကိုကြည့်ရှု၍၊ ကယ်နုတ်တော်မူပါ။ ကိုယ်တော်၏တရားကို မမေ့မလျော့ပါ။ 154 အကျွန်ုပ်အမှုကိုစောင့်၍ အကျွန်ုပ်ကို ရွေးနုတ်တော်မူပါ။ ဗျာဒိတ်တော်အားဖြင့် အသက်ရှင်စေတော်မူပါ။ 155 မတရားသောသူတို့သည် အထုံးအဖွဲ့တော်တို့ကို မရှာသောကြောင့်၊ ကယ်တင်ခြင်းနှင့် ဝေးကြပါ၏။ 156 အိုထာဝရဘုရား၊ သနားစုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝပါ၏။ စီရင်တော်မူချက်နှင့်အညီ၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ 157 အကျွန်ုပ်ကို ညှဉ်းဆဲသောသူနှင့် ရန်ဘက်ပြုသောသူတို့သည် များကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့မှ လွှဲ၍မသွားပါ။ 158 သစ္စာမရှိသောသူတို့ကို အကျွန်ုပ်သည်မြင်၍ စိတ်နာပါ၏။ အကြောင်းမူကား၊ သူတို့သည် ဗျာဒိတ်တော်စကားကို နားမထောင်ဘဲ နေကြပါ၏။ 159 ကိုယ်တော်၏ ဥပဒေသများကို အကျွန်ုပ်နှစ်သက်ကြောင်းကို မှတ်တော်မူပါ။ အိုထာဝရဘုရား၊ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ 160 နှုတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ၏။ တရားသဖြင့် စီရင်တော်မူချက်ရှိသမျှတို့သည် အစဉ်အမြဲ တည်ကြပါ၏။
တရားတော်​ကို​စိတ်​စွဲ​လမ်း​ခြင်း​
161 အစိုးရသောသူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုညှဉ်းဆဲကြသော်လည်း၊ အကျွန်ုပ်စိတ်နှလုံးသည် စကားတော်ကို ကြောက်ရွံ့ပါ၏။ 162 လက်ရဥစ္စာများကိုတွေ့သကဲ့သို့ ဗျာဒိတ်တော်စကားကြောင့် အကျွန်ုပ်ဝမ်းမြောက်ပါ၏။ 163 မုသားစကားကို ကြားပြင်းရွံရှာပါ၏။ တရားတော်ကိုကား နှစ်သက်ပါ၏။ 164 ဖြောင့်မတ်စွာစီရင်တော်မူချက်များကြောင့် ကိုယ်တော်ကို တစ်ရက်လျှင် ခုနစ်ကြိမ်ချီးမွမ်းတတ်ပါ၏။ 165 တရားတော်ကိုနှစ်သက်သောသူတို့၌ ကြီးစွာသောငြိမ်ဝပ်ခြင်းရှိပါ၏။ သူတို့ စိတ်ပျက်စရာအကြောင်းမရှိပါ။ 166 အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ်မျှော်လင့်၍၊ ပညတ်တော်တို့ကို ကျင့်ပါ၏။ 167 သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ်သည် စောင့်ပါ၏။ အလွန်နှစ်သက်ပါ၏။ 168 ကိုယ်တော်၏ ဥပဒေသတို့နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ပါ၏။ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော်၌ရှိကြပါ၏။
ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​
169 အို ထာဝရဘုရား၊ အကျွန်ုပ်အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော။ နှုတ်ကပတ်တော်အတိုင်း ဉာဏ်ကို ပေးသနားတော်မူပါ။ 170 အသနားခံသောစကားသည် ရှေ့တော်သို့ ရောက်ပါစေသော။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ 171 အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူသောအခါ၊ အကျွန်ုပ်၏နှုတ်သည် ချီးမွမ်းခြင်းကို မြွက်ဆိုပါမည်။ 172 အလုံးစုံသောပညတ်တော်တို့သည် ဖြောင့်မတ်ပါသည်ဖြစ်၍၊ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည်။ 173 ကိုယ်တော်၏ဥပဒေသများကို နှစ်သက်ပါသည်ဖြစ်၍၊ လက်တော်သည် အကျွန်ုပ်ကို မစပါစေသော။ 174 အို ထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်တောင့်တပါ၏။ တရားတော်သည်လည်း အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။ 175 အကျွန်ုပ်သည် အသက်ရှင်၍၊ ကိုယ်တော်ကို ချီးမွမ်းပါစေသော။ စီရင်တော်မူချက်တို့သည် အကျွန်ုပ်ကို မစကြပါစေသော။ 176 ပျောက်သောသိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲပါပြီ။ ကိုယ်တော်၏ကျွန်ကို ရှာတော်မူပါ။ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ။