17
တစ်အိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့သောစိတ်နှင့် စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ်သော မုန့်တစ်လုပ်စာသည် သာ၍ကောင်း၏။ ပညာရှိသောကျွန်သည် အရှက်ခွဲသောသားကိုအုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေခံတတ်၏။ ငွေစစ်စရာဖို့ မိုက်ကိုလည်းကောင်း၊ ရွှေစစ်စရာဖို့ မီးဖိုကိုလည်းကောင်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။ မတရားသဖြင့် ပြုသောသူသည် မုသားစကားကို ယုံတတ်၏။ မုသားသုံးသောသူသည်လည်း ဆိုးညစ်သောစကားကို နားထောင်တတ်၏။ ဆင်းရဲသားတို့ကို မထီလေးစားပြုသောသူသည် ဖန်ဆင်းတော်မူသောဘုရားကို ကဲ့ရဲ့၏။ သူတစ်ပါး၌ဘေးရောက်လျှင် ဝမ်းမြောက်တတ်သောသူသည်လည်း အပြစ်ဒဏ်နှင့် မလွတ်ရ။ မြေးတို့သည် အသက်ကြီးသောသူ၏ သရဖူဖြစ်၏။ သားတို့၏ဘုန်းကား အဘတည်း။ မြတ်သောစကားသည် မိုက်သောသူနှင့် မတော်မသင့်။ ထိုမျှမက၊ မုသားစကားသည် မင်းနှင့် မတော်မသင့်။ လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ်၍၊ မျက်နှာပြုလေရာရာ၌ အောင်တတ်၏။ သူတစ်ပါးပြစ်မှားသော အမှုကို ဝှက်ထားသောသူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။ 10 မိုက်သောသူသည် ဒဏ်ချက်တစ်ရာကို အမှုထားသည်ထက်၊ ပညာရှိသောသူသည် ဆုံးမသောစကားကို သာ၍ အမှုထားတတ်၏။ 11 ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ်၏။ ထိုကြောင့် ကြမ်းကြုတ်သောတမန်ကို သူ့ဆီသို့စေလွှတ်ရ၏။ 12 မိုက်သောစိတ် ထဆဲရှိသောလူမိုက်နှင့် မတွေ့ပါစေနှင့်။ သားငယ်ပျောက်သောဝံမနှင့် သာ၍တွေ့ပါစေသော။ 13 အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသောအမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသောအမှုနှင့် မကင်းမလွတ်ရ။ 14 ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မီ တွေ့စရာအကြောင်းကို ရှောင်လော့။ 15 မတရားသောသူတို့ကို အပြစ်မှလွှတ်သောသူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သောသူ နှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
16 မိုက်သောသူသည် ပညာကို အလိုမရှိသည်ဖြစ်၍၊ ပညာအဖိုးကို အဘယ်ကြောင့် သူ၌အပ်ရသနည်း။ 17 အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။ 18 ဉာဏ်မဲ့သောသူသည် လက်ဝါးချင်းရိုက်၍၊ အဆွေခင်ပွန်းရှေ့မှာ အာမခံတတ်၏။ 19 ရန်တွေ့ခြင်းကို နှစ်သက်သောသူသည် လွန်ကျူးခြင်းကိုလည်း နှစ်သက်တတ်၏။ မိမိတံခါးကို ချီးမြှင့်သောသူသည် ပျက်စီးခြင်းကိုရှာတတ်၏။ 20 သဘောကောက်သောသူသည် ကောင်းသောအကျိုးကို မတွေ့တတ်။ စကားလိမ်သောသူသည် ဘေးဥပဒ်နှင့် တွေ့ကြုံတတ်၏။ 21 မိုက်သောသူကို ဖြစ်ပွားစေသောသူသည် မိမိကိုယ်မိမိ ဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်း မရှိ။ 22 စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကို သွေ့ခြောက်စေတတ်၏။ 23 မတရားသောသူသည် တရားလမ်းကိုဖျက်သော အဖိုးတံစိုးကို သူတစ်ပါး၏ခါးပိုက်အိတ်ထဲက နှိုက်ယူတတ်၏။ 24 ဉာဏ်ရှိသောသူသည် ပညာကိုမျက်မှောက်ပြုတတ်၏။ မိုက်သောသူ၏မျက်စိမူကား၊ မြေကြီးစွန်းတိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။ 25 မိုက်သောသူသည် အဘဝမ်းနည်းစရာအကြောင်း၊ မွေးသောအမိ စိတ်ညစ်စရာအကြောင်းဖြစ်၏။ 26 ဖြောင့်မတ်သောသူကို အပြစ်ဒဏ်မပေးကောင်း။ တရားသဖြင့် စီရင်သောမင်းကိုလည်း မထိခိုက်ကောင်း။ 27 သိပ္ပံအတတ်နှင့် ပြည့်စုံသောသူသည် စကားမများတတ်။ ဉာဏ်ကောင်းသောသူသည်လည်း၊ အေးသောစိတ်ရှိတတ်၏။ 28 မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိဟူ၍လည်းကောင်း၊ မိမိနှုတ်ကို မဖွင့်ဘဲနေသောသူကိုလည်း၊ ဉာဏ်ကောင်းသောသူ ဟူ၍လည်းကောင်း သူတစ်ပါးထင်တတ်၏။