13
ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်းကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။ လူသည် မိမိနှုတ်၏အသီးတည်းဟူသော ကောင်းသောအရာကို စားရ၏။ ပြစ်မှားတတ်သောသူမူကား၊ ညှဉ်းဆဲခြင်းအပြစ်၏ အသီးကိုစားရ၏။ မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကိုစောင့်၏။ မိမိနှုတ်ကိုကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်တတ်၏။ ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့်တ၍မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလိုဆန္ဒ ပြည့်စုံရ၏။ ဖြောင့်မတ်သောသူသည် မုသားစကားကိုမုန်းတတ်၏။ မတရားသောသူမူကား၊ စက်ဆုပ်ဖွယ်ဖြစ်၍၊ အရှက်ကွဲခြင်းသို့ ရောက်တတ်၏။ ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသောသူကို စောင့်တတ်၏။ ဒုစရိုက်တရားမူကား၊ အပြစ်ရှိသောသူကို လှဲတတ်၏။ အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင်သောသူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန်ဆောင်သောသူလည်းရှိ၏။ စည်းစိမ်သည် ရတတ်သောသူ၏ အသက်ကို ရွေးဖို့ဖြစ်၏။ ဆင်းရဲသောသူမူကား၊ အပြစ်တင်သောစကားကို မကြားဘဲနေ၏။ ဖြောင့်မတ်သောသူ၏အလင်းသည် ရွှင်လန်း၏။ မတရားသောသူ၏မီးခွက်မူကား၊ သေရလိမ့်မည်။ 10 မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေးသောစကားကို နားခံသောသူမူကား ပညာရှိ၏။ 11 လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာသည်လျော့တတ်၏။ ကြိုးစားအားထုတ်၍ ဆည်းပူးသောသူ၏ဥစ္စာမူကား၊ ပြန့်ပွားတတ်၏။ 12 မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင်၊ စိတ်နှလုံးကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။
13 နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကို ခန့်ညားသောသူမူကား၊ ချမ်းသာရလိမ့်မည်။ 14 ပညာရှိသောသူ၏တရားသည် အသေခံရာကျော့ကွင်းတို့မှ၊ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။ 15 ကောင်းသောဉာဏ်ရှိသောသူသည် မျက်နှာရတတ်၏။ ပြစ်မှားသောသူတို့ လမ်းမူကား၊ ခက်သောလမ်းဖြစ်၏။ 16 သမ္မာသတိရှိသောသူအပေါင်းတို့သည် ပညာအတတ်နှင့် ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက်သော အပြစ်ကို ထင်ရှားစေတတ်၏။ 17 မတရားသောအစေခံသည် မိမိစောင့်သောအမှုကို ဖျက်တတ်၏။ သစ္စာရှိသောသံတမန်မူကား၊ ကျန်းမာခြင်းအကြောင်း ဖြစ်၏။ 18 သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲခြင်းနှင့် ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသောစကားကို နားထောင်သောသူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။ 19 အလိုဆန္ဒပြည့်စုံခြင်းအရာသည် ချိုမြိန်၏။ ဒုစရိုက်ကို ရှောင်သောအရာမူကား၊ မိုက်သောသူတို့ စက်ဆုပ်သောအရာဖြစ်၏။ 20 ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။ 21 အပြစ်ရှိသောသူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။ 22 သူတော်ကောင်းသည် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားတတ်၏။ အပြစ်ရှိသောသူ၏ စည်းစိမ်မူကား၊ ဖြောင့်မတ်သောသူတို့အဖို့ သိုထားလျက်ရှိ၏။ 23 ဆင်းရဲသား၊ လယ်လုပ်ခြင်းအားဖြင့် စားစရာပွားများ၏။ သို့ရာတွင်၊ မတရားသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်တတ်၏။ 24 ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏။ 25 ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ၏။ မတရားသောသူမူကား၊ မွတ်သိပ်ခြင်းကိုခံရလိမ့်မည်။