ဖိလိပ္ပိဩဝါဒစာ။
1
ယေရှုခရစ်၏ ကျွန်ဖြစ်သောပေါလုနှင့် တိမောသေသည်၊ ဖိလိပ္ပိမြို့၌ရှိသော သင်းအုပ်တို့နှင့် သင်းထောက်တို့မှစ၍ ယေရှုခရစ်၏ သန့်ရှင်းသူအပေါင်းတို့ကို ကြားလိုက်ပါ၏။- သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
ချီးမွမ်းခြင်းနှင့်ဆု​တောင်းခြင်း
ငါသည် ဆုတောင်းပတ္ထနာပြုသော အခါခါ၊- ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဖို့ကို အစဉ် ဆုတောင်းပတ္ထနာပြုလျက်၊ သင်တို့ကို အောက်မေ့သောအခါခါ၊- သင်တို့သည် ရှေ့ဦးစွာသောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။- သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်၊ ယေရှုခရစ်၏ နေ့ရက်တိုင်အောင် ပြီးစီးလျက် ပြုတော်မူမည်ဟု ငါသဘောကျ၏။- ရှိသမျှသောသင်တို့၏ အမှုအရာ၌ ဤသို့ ငါယူအပ်၏။ အကြောင်းမူကား၊ ငါခံရသော ကျေးဇူးတော်ကို သင်တို့အပေါင်းသည် ဆက်ဆံကြသည်ဖြစ်၍၊ ငါသည် အကျဉ်းခံရသော်လည်းကောင်း၊ ဧဝံဂလိတရားဘက်၌ သက်သေခံ၍ ထိုတရားကို တည်စေသော်လည်းကောင်း၊ သင်တို့ကို အောက်မေ့၏။- ငါသည် သင်တို့အပေါင်းကို ယေရှုခရစ်၏ မေတ္တာကရုဏာနှင့် အဘယ်မျှလောက် လွမ်းသည်ဟု ဘုရားသခင်သည် ငါ့သက်သေဖြစ်တော်မူ၏။- ငါသည် အဘယ်သို့ ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြားစေခြင်းငှာ ဉာဏ်ပညာအမျိုးမျိုးရှိလျက်၊- 10 မေတ္တာပါရမီတိုးပွား၍ ပြည့်စုံမည်အကြောင်းကိုလည်းကောင်း၊- 11 ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်+ ၁း၁၁ "ယေရှုခရစ်အားဖြင့် -----ဖြောင့်မတ်ခြင်းအကျင့်---" မူရင်း "-----ဘုန်းအသရေတော်နှင့် ချီးမွမ်းဖွယ်သောအမှု---" နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက် ရှိမည်အကြောင်းကိုလည်းကောင်း၊ ငါဆုတောင်း ပတ္ထနာပြု၏။
အ​သက်​ရှင်​ခြင်း​ကား​ခ​ရစ်​တော်
12 ညီအစ်ကိုတို့၊ ငါ၌ရောက်သော အမှုအရာတို့သည် ဧဝံဂေလိတရားကို မမြစ်တားသည်သာမက၊ ပြုစုရာဖြစ်သည်ဟု သင်တို့ သိစေခြင်းငှာ ငါအလိုရှိ၏။- 13 ထိုသို့သောအားဖြင့် ခရစ်တော်ကြောင့် ငါခံရသော ချည်နှောင်ခြင်းအမှုအရာသည်၊ နန်းတော်၌ အနှံ့အပြားထင်ရှားသည်သာမက၊ ခပ်သိမ်းသောအရပ်၌ ထင်ရှား၏။- 14 သခင်ဘုရား၌ ညီအစ်ကိုအများတို့သည် ငါခံရသော ချည်နှောင်ခြင်းကြောင့် ယုံမှားသောစိတ်နှင့် ကင်းလွတ်၍ ကြောက်ရွံ့ခြင်း မရှိဘဲ၊ နှုတ်ကပတ်တရားတော်ကို+ ၁း၁၄ "ကြောက်ရွံ့ခြင်းမရှိဘဲ နှုတ်ကပတ်တရားတော်ကို---" အချို့ "---ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို---" သာ၍ ဟောပြောဝံ့ကြ၏။- 15 လူအချို့တို့သည် ငြူစူရန်တွေ့ချင်သောသဘောနှင့် ခရစ်တော်၏တရားကို ဟောပြောကြ၏။ အချို့တို့သည် စေတနာစိတ်နှင့် ဟောပြောကြ၏။- 16 ငါသည် ဧဝံဂေလိတရားကို ထောက်မဖို့ရာ ခန့်ထားသောသူဖြစ်ကြောင်းကို ဤသူတို့သည်သိ၍ ခရစ်တော်၏တရားကို မေတ္တာစိတ်နှင့် ဟောပြောကြ၏။- 17 ထိုသူတို့သည် ကြည်ဖြူသောစိတ်မရှိ၊ ချည်နှောင်ခြင်းကို ငါခံရသည်တွင် သာ၍ ဆင်းရဲစေမည်ဟု အကြံရှိ၍၊ ရန်တွေ့ချင်သောစိတ်နှင့် ဟောပြောကြ၏။
18 သို့ဖြစ်၍ အဘယ်သို့နည်း၊ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်းကြောင့် ငါသည် ယခုဝမ်းမြောက်၏။ နောင်၌လည်း ဝမ်းမြောက်လိမ့်မည်။- 19 အဘယ်သို့နည်း ဟူမူကား၊ ငါသည် အလျှင်းရှက်ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှား တော်မူသကဲ့သို့၊- 20 ယခုပင် ထင်ရှားတော်မူမည်ဟု ငါမျှော်လင့်အားကြီး၍ တောင့်တသည်နှင့်အညီ သင်တို့ ဆုတောင်းသဖြင့်လည်းကောင်း၊ ယေရှုခရစ်၏ ဝိညာဉ်တော် မစသဖြင့်လည်းကောင်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာ ဖြစ်မည်ဟု ငါသိ၏။- 21 ငါအသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။- 22 ဤကိုယ်ခန္ဓာ၌ ငါသည်အသက်ရှင်လျှင်၊ ငါပြုသောအမှု၏ အကျိုးကား ထိုသို့သောအကျိုး ဖြစ်၏။ သို့သော်လည်း အဘယ်အကျိုးကို ရွေးယူရမည်ဟု ငါမသိ။- 23 ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော်နှင့်အတူ နေခြင်းငှာ တောင့်တလိုချင်သောစိတ် ရှိ၏။ သာ၍ အလွန် ထူးမြတ်သောအကျိုးဖြစ်၏။- 24 သို့သော်လည်း ကိုယ်ခန္ဓာ၌ နေရလျှင် သင်တို့၌ သာ၍ အကျိုးရှိလိမ့်မည်။- 25 ထိုသို့ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍၊ သင်တို့ရှိရာသို့ ငါတစ်ဖန် ရောက်လာသောအားဖြင့်၊ သင်တို့သည် ယေရှုခရစ်ကိုအမှီပြု၍ ငါ့အတွက်ကြောင့် သာ၍ ဝါကြွားဝမ်းမြောက်ခြင်း ရှိစေခြင်းငှာ၊- 26 သင်တို့သည် ယုံကြည်ခြင်း၌ တိုးပွားဝမ်းမြောက်မည်အကြောင်း၊ ငါသည် ကိုယ်ခန္ဓာ၌နေ၍ သင်တို့ရှိသမျှနှင့် ပေါင်းဖော်ရမည်ဟု ငါသိ၏။- 27 သင်တို့သည် ရန်သူများကြောင့် အလျှင်း မကြောက်ရွံ့ မတုန်လှုပ်ဘဲ၊ တစ်ပါးတည်းသော စိတ်ဝိညာဉ်၌ တည်၍၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့ အလိုငှာ တညီတညွတ်တည်း ကြိုးစားအား ထုတ်ကြသည် အကြောင်းအရာကို၊ ငါရောက်လျှင် သင်တို့နှင့် မျက်မှောက်တွေ့သည်ဖြစ်စေ၊ ကွာလျက်နေသည်ဖြစ်စေ၊ ငါကြားသိရပါမည်အကြောင်း၊ ခရစ်တော်၏ ဧဝံဂေလိတရားနှင့် အထိုက်အလျောက် ဝတ်ကြီးဝတ်ငယ်များကို ပြု၍သာနေကြလော့။- 28 ထိုသို့ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့ မတုန်လှုပ်သော အကြောင်းအရာသည်၊ သူတို့၌ ပျက်စီးခြင်း၏ နိမိတ်လက္ခဏာဖြစ်၏။- 29 အကြောင်းမူကား၊ သင်တို့သည် အထက်ကမြင်သည်အတိုင်း၊ ယခုလည်း ကြားသည်အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည်နည်းတူ၊ သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော်ကို ယုံကြည်ခြင်းအခွင့်မှတစ်ပါး၊ ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ၏။