ရှင်ပေတရုသြဝါဒစာပထမစောင်။
1
ယေရှုခရစ်၏တမန်တော် ငါပေတရုသည်၊ နားထောင်ခြင်းကျေးဇူး၊ ယေရှုခရစ်၏ အသွေးတော်နှင့် ဖျန်းခြင်းကျေးဇူးကို ခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်၍၊ ခမည်းတော် ဘုရားသခင်၏ အနာဂတံသဉာဏ်တော်အတိုင်း ရွေးကောက်တော်မူသော သူတည်းဟူသော၊- ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌များပြားပါစေသော။
ရှင်​သန်​သောမျှော်​လင့်​ခြင်း
အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းအကြောင်းရှိစေခြင်းငှာ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကို တစ်ဖန် ဖြစ်ဖွားစေတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။- ထိုအမွေတော်သည်ကား၊ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊- ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဖို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသော အမွေတည်း။- အရည်ကျို၍ စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ် ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော် အလိုငှာဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊- သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ် ရှိကြ၏။- ထိုသခင်ကို သင်တို့သည် မမြင်ဖူးသော်လည်း+ ၁း၈ ထိုသခင်ကို----မမြင်ဘူးသော်လည်း အချို့ - "ထိုသခင်ကို သင်တို့သည် မသိကျွမ်းသော်လည်း" ချစ်ကြ၏။ ယခုမှာလည်း မမြင်ဘဲလျက်၊ ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊- စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။
10 ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့ စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။- 11 ခရစ်တော်ခံတော်မူရသော ဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကိုလည်းကောင်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သော သူကိုလည်းကောင်း၊ အဘယ်သို့သော အချိန်ကာလကိုလည်းကောင်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ၏။- 12 ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဖို့ မဟုတ်၊ သင်တို့အဖို့ ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ။ ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင်သော စေတနာစိတ် ရှိကြ၏။
သန့်​ရှင်း​ခြင်းရှိကြလော့။
13 သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့ဆီသို့ရောက်လတ္တံ့သော ဆုကျေးဇူးကို အဆုံးတိုင်အောင် မျှော်လင့်ကြလော့။- 14 အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင်တတ်သော သူငယ်ကဲ့သို့ ဖြစ်၍၊- 15 သင်တို့ကိုခေါ်တော်မူသော သူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။- 16 အကြောင်းမူကား၊ ငါသည် သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာလာသတည်း။-Ref ၁:၁၆။ ဝတ် ၁၁း၄၄-၄၅၊ ၁၉း၂၊ ၂၀း၇။ 17 လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသောခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ်ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြလော့။- 18 မိစဉ်ဘဆက် ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။- 19 အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။- 20 ထိုခရစ်တော်ကား၊ ဤကမ္ဘာမတည်မရှိမီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့အဖို့ ၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။- 21 သင်တို့သည် ဘုရားသခင်ကို ထောက်လျက် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းရှိစေခြင်းငှာ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ။
22 သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဖွားသည်မဟုတ်၊- 23 မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဖွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှသမ္မာတရားကို နားထောင်လျက်၊+ ၁း၂၃ ---စိတ်ထဲမှသမ္မာတရားကို နားထောင်လျက်၊ အချို့ - "---စိတ်ထဲမှာ သမ္မာတရားကို ဝိညာဥ်တော်အားဖြင့်နားထောင်လျက်" အချို့ "----သမ္မာတရားစိတ်နှင့် အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာ" ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့် အညီ၊ စင်ကြယ်သောစိတ်နှင့် အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့။- 24 လူမျိုးရှိသမျှသည်လည်း မြက်ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။- 25 ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲ တည်၏။ ထိုနှုတ်ကပတ်တော်သည်၊ သင်တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။Ref ၁:၂၄-၂၅။ ဟေရှာ ၄၀း၆-၈။