8
မီး​ခွက်​ခုနစ်လုံး
ထာဝရဘုရားကလည်း၊ သင်သည် အာရုန်အားဆင့်ဆိုရမည်မှာ၊Ref ၈:၁-၄။ ထွ ၂၅:၃၁-၄၀။ ၃၇:၁၇-၂၄။ မီးခွက်များကိုထွန်းသောအခါ၊ မီးခွက်ခုနစ်လုံးတို့သည် မီးခုံတစ်ဖက်တစ်ချက်၌ ထွန်းလင်းရမည်ဟု၊ မောရှေအားမှာထားတော်မူသည်အတိုင်း၊ အာရုန်ပြု၍ မီးခုံတစ်ဖက်တစ်ချက်၌ မီးခွက်များကိုထွန်းလေ၏။ မီးခုံမူကား၊ ထာဝရဘုရားသည် မောရှေအားပြတော်မူသောပုံနှင့်အညီ မီးခုံတိုင်မှစ၍ ကြာပွင့်တိုင်အောင် ရွှေဖြင့်တစ်စပ်တည်းထုလုပ်သော မီးခုံဖြစ်သတည်း။
လေ​ဝိ​သား၏​စင်​ကြယ်ခြင်း
ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့အထဲက ရွေးကောက်၍ စင်ကြယ်စေလော့။ စင်ကြယ်စေခြင်းငှာ ပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်းမင်္ဂလာရေကို သူတို့အပေါ်မှာဖျန်း၍၊ သူတို့သည် တစ်ကိုယ်လုံးကိုအမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်းကိုပြုသဖြင့် စင်ကြယ်စေရမည်။ ဆီရောသောမုန့်ညက်တည်းဟူသော ဘောဇဉ်ပူဇော်သကာနှင့်တကွ၊ အသက်ပျိုသောနွားထီးတစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်ကိုယူပြီးလျှင်၊ လေဝိသားတို့ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ခေါ်ခဲ့၍၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ကို စည်းဝေးစေပြီးမှ၊ 10 လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်သို့ဆောင်ခဲ့၍၊ သူတို့ခေါင်းပေါ်မှာ ဣသရေလအမျိုးသားတို့သည် လက်ကိုတင်သဖြင့်၊ 11 သူတို့သည် ထာဝရဘုရား၏အမှုတော်ကို ထမ်းစေခြင်းငှာ၊ ဣသရေလအမျိုးသားတို့ပြုသော ပူဇော်သကာတည်းဟူသော လေဝိသားတို့ကို အာရုန်သည် ထာဝရဘုရားအားဆက်ရမည်။ 12 လေဝိသားတို့သည်လည်း၊ နွားခေါင်းပေါ်မှာ မိမိတို့လက်ကိုတင်၍၊ သူတို့အဖို့ အပြစ်ဖြေခြင်းကို ပြုလိုသောငှာ၊ ထာဝရဘုရားရှေ့မှာ နွားတစ်ကောင်ကို အပြစ်ဖြေရာယဇ်၊ တစ်ကောင်ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရကြမည်။ 13 လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့ရှေ့မှာထား၍ ထာဝရဘုရားအား ပူဇော်သကာပြုရမည်။ 14 ထိုသို့ လေဝိသားတို့ကို ဣသရေလအမျိုးသားတို့နှင့် တခြားစီခွဲထား၍၊ သူတို့သည်အထူးသဖြင့် ငါ့လူဖြစ်ရကြလိမ့်မည်။ 15 ထိုနောက်မှ လေဝိသားတို့သည်၊ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှာ ဝင်ရကြလိမ့်မည်။ သူတို့ကိုစင်ကြယ်စေ၍ ပူဇော်သကာ၊ ပြုရသောအကြောင်းဟူမူကား၊ 16 ဣသရေလအမျိုးထဲက သူတို့ကိုရွေးကောက်၍၊ ငါ့အားအပိုင်ပေးရမည်။ ဣသရေလအမျိုးတွင် အဦးဖွားမြင်သောသားဦးများအတွက် သူတို့ကိုငါသိမ်းယူ၏။ 17 အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည်ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ကိုယ်အဖို့ သန့်ရှင်းစေသောကြောင့်၊ သားဦးအပေါင်းတို့ကို အထူးသဖြင့်ငါပိုင်ရမည်။Ref ၈:၁၇။ ထွ ၁၃:၂။ 18 တစ်ဖန် ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက်၊ လေဝိသားတို့ကို ငါယူ၏။ 19 သူတို့သည်လည်း ပရိသတ်စည်းဝေးရာတဲတော်၌၊ ဣသရေလအမျိုးသား ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်စေခြင်းငှာလည်းကောင်း၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းရာဌာနတော်သို့ ချဉ်းကပ်သောအခါ၊ ဘေးဒဏ်နှင့်လွတ်မည်အကြောင်း၊ အပြစ်ဖြေခြင်းကိုပြုစေခြင်းငှာလည်းကောင်း၊ ဣသရေလအမျိုးထဲက လေဝိသားတို့ကို အာရုန်နှင့်သူ၏သားတို့အား စွန့်ကြဲပေးကမ်းသည်ဟု၊ 20 လေဝိသားအမှု၌၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း မောရှေနှင့်အာရုန်အစရှိသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် လေဝိသားတို့ကိုပြုကြလျှင်၊ 21 သူတို့သည်စင်ကြယ်ခြင်းသို့ရောက်၍ မိမိတို့အဝတ်ကို လျှော်ကြ၏။ အာရုန်သည်လည်း၊ သူတို့ကို ထာဝရဘုရားအားဆက်ကပ်၍ သူတို့အဖို့ အပြစ်ဖြေခြင်းကိုပြုသဖြင့် စင်ကြယ်စေလေ၏။ 22 ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့် သူ၏သားတို့ရှေ့၌ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှာ ဝင်ကြ၏။ လေဝိသားတို့အမှု၌ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း လူအပေါင်းတို့သည် ပြုကြ၏။
23 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 24 လေဝိသားတို့သည် အသက်နှစ်ဆယ်ငါးနှစ်လွန်မှ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ရွက်ခြင်းငှာ ဝင်ရကြမည်။ 25-26 အသက်ငါးဆယ်လွန်မှအမှုလွတ်၍ နောက်တစ်ဖန်မဆောင်ရွက်ဘဲ ပရိသတ်စည်းဝေးရာတဲတော်၌ မိမိညီအစ်ကိုတို့နှင်အတူ ကူညီ၍ အလှည့်လှည့်စောင့်ရကြမည်။ ထိုသို့ လေဝိသားများစောင့်ရသောအမှုကို စီရင်ရမည်ဟု မိန့်တော်မူ၏။