34
ခါ​နာန်​ပြည်​၏​နယ်​နိ​မိတ်​
တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည်ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ခါနာန်ပြည်သို့ ရောက်ကြသောအခါ၊ သင်တို့အမွေခံရသော ခါနာန်ပြည်နယ် အပိုင်းအခြားဟူမူကား၊ တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည်အနား၌လျှောက်လျှင်၊ သောဒုံအိုင်အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည်။ တောင်ဘက်အပိုင်းအခြားသည် တောင်မျက်နှာမှလည်၍၊ အာကရဗ္ဗိမ်ကုန်းကိုလျှောက်လျက် ဇိနရွာသို့ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာရွာ၊ ဟာဇရဒ္ဒါရွာ၊ အာဇမုန်ရွာကိုလျှောက်သဖြင့်၊ အာဇမုန်ရွာမှပြန်၍ အဲဂုတ္တုချောင်းကိုလိုက်လျက် ပင်လယ်၌ဆုံးရမည်။ အနောက်ဘက်၌ ပင်လယ်ကြီးသည် အနောက်အပိုင်းအခြား ဖြစ်ရမည်။ မြောက်ဘက်အပိုင်းအခြားသည် ကြီးသောပင်လယ်ကထွက်၍ ဟောရတောင်ကို ရှေ့ရှုသွားပြီးလျှင်၊ ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊ ဇိဖြုန်ရွာကိုလျှောက်၍ ဟာဇရေနန်ရွာ၌ ဆုံးရမည်။ 10 အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှထွက်၍ ရှေဖံရွာသို့ရောက်ပြီးလျှင်၊ 11 အဣနရွာအရှေ့၌လျှောက်၍ ရိဗလရွာသို့ သွားရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက်အိုင်အရှေ့ကမ်းကို လျှောက်သဖြင့်၊ 12 ယော်ဒန်မြစ်ကိုလိုက်၍ သောဒုံအိုင်၌ဆုံးရမည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသောပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။
13 မောရှေကလည်း၊ ဤရွေ့ကား၊ သင်တို့သည် စာရေးတံချ၍ အမွေခံရသောပြည်၊ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အမျိုးကိုးမျိုးနှင့် အမျိုးတစ်ဝက်၌ ဝေပေးရသောပြည် ဖြစ်သတည်း။Ref ၃၄:၁၃။ တော ၂၆:၅၂-၅၆။ 14-15 ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုးသား တစ်ဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တစ်ဝက်တို့သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တစ်ဖက်၊ နေထွက်ရာဘက်၌ ဘိုးဘအဆွေအမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ၏။Ref ၃၄:၁၃-၁၅။ ယောရှု ၁၄:၁-၅။
အမျိုးသားခေါင်း​ဆောင်​များ
16 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 17 အမျိုးသားတစ်မျိုးလျှင် မင်းတစ်ပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုတို့နှင့် ဝိုင်းလျက်၊ 18 ခါနာန်ပြည်ကိုဝေ၍ သင်တို့အား အမွေပေးရကြမည်။ 19 ရွေးရသောမင်းတို့၏အမည်ကား၊ ယုဒအမျိုးသားထဲက ယေဖုန္နာသား ကာလက်။ 20 ရှိမောင်အမျိုးသားထဲက အမိဟုဒ်သား ရှေမွေလ။ 21 ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သား ဧလိဒဒ်။ 22 ဒန်အမျိုးကို အုပ်စိုးသောသူ၊ ယောဂလိသား ဗုက္ကိ။ 23 ယောသပ်သားတို့တွင် မနာရှေအမျိုးကိုအုပ်စိုးသောသူ၊ ဧဖုဒ်သား ဟံယေလ။ 24 ဧဖရိမ်အမျိုးကို အုပ်စိုးသောသူ၊ ရှိဖတန်သား ကေမွေလ။ 25 ဇာဗုလုန်အမျိုးကိုအုပ်စိုးသောသူ၊ ပါနက်သား ဧလိဇဖန်။ 26 ဣသခါအမျိုးကိုအုပ်စိုးသောသူ၊ အဇ္ဇန်သား ပါလတေလ။ 27 အာရှာအမျိုးကိုအုပ်စိုးသောသူ၊ ရှေလောမိသား အဘိဟုဒ်။ 28 နဿလိအမျိုးကိုအုပ်စိုးသောသူ၊ အမိဟုဒ်သား ပေဒဟေလတည်း။ 29 ဤသူတို့သည် ခါနာန်ပြည်၌ ဣသရေလအမျိုးသားတို့အား အမွေမြေကို ဝေပေးစေခြင်းငှာ ထာဝရဘုရားခန့်ထားတော်မူသောသူ ဖြစ်ကြသတည်း။