2
အ​နွယ်​လိုက်​စ​ခန်း​ချ​ပုံ​
တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိတပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သောအလံအနားမှာ ပရိသတ်စည်းဝေးရာတဲတော်ကို ရှေ့ရှုပြု၍နေရာချရမည်။ နေထွက်ရာအရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သောအလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သားနာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိသတည်း။ ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍ ဇုအာသားနာသနေလသည် ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း။ ထိုနောက်၊ ဇာဗုလုန်တပ်ချ၍ ဟေလုန်သားဧလျာဘသည်၊ ဇာဗုလုန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းခုနစ်ထောင်လေးရာ ရှိသတည်း။ ယုဒတပ်နှင့်ဆိုင်သောအလုံးအရင်း အရေအတွက်ကား တစ်သိန်းရှစ်သောင်းခြောက်ထောင်လေးရာ ရှိသတည်း။ ဤသူတို့သည် တပ်ဦးအရာ၌ချီရကြမည်။
10 တောင်မျက်နှာ၌၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထူ၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 11 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ လေးသောင်းခြောက်ထောင်ငါးရာ ရှိသတည်း။ 12 ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲသားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 13 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းကိုးထောင်သုံးရာ ရှိသတည်း။ 14 ထိုနောက် ဂဒ်တပ်ချ၍၊ ဒွေလသားဧလျာသပ်သည်၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 15 သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ လေးသောင်းငါးထောင်ခြောက်ရာငါးဆယ် ရှိသတည်း။ 16 ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေအတွက်ကား တစ်သိန်း ငါးသောင်းတစ်ထောင်လေးရာငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယတပ်အရာ၌ ချီရကြမည်။
17 ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာတဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည်အတိုင်း လူအသီးအသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သောအလံနှင့်အတူ လိုက်လျက်ချီရကြမည်။
18 အနောက်မျက်နှာ၌ ဧဖရိမ်တပ်အလုံးအရင်းသည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 19 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ လေးသောင်းငါးရာရှိသတည်း။ 20 ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါဇုရသားဂါမလျေလသည်၊ မနာရှေအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 21 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။ 22 ထိုနောက်ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသားအဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 23 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။ 24 ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်း အရေအတွက်ကား၊ တစ်သိန်းရှစ်ထောင်တစ်ရာ ရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ ချီရကြမည်။
25 တပ်များမြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်းသည် ဒန်အလံကိုထူ၍ အမိရှဒ္ဒဲသားအဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 26 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ခြောက်သောင်းနှစ်ထောင်ခုနစ်ရာ ရှိသတည်း။ 27 ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန်သားပါဂျေလသည်၊ အာရှာအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 28 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ လေးသောင်းတစ်ထောင်ငါးရာ ရှိသတည်း။ 29 ထိုနောက်၊ နဿလိတပ်ချ၍ ဧနန်သားအဟိရသည်၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ 30 သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းသုံးထောင်လေးရာ ရှိသတည်း။ 31 ဒန်တပ်နှင့်ဆိုင်သောအလုံးအရင်း အရေအတွက်ကား၊ တစ်သိန်းငါးသောင်းခုနစ်ထောင်ခြောက်ရာ ရှိသတည်း။ ဤသူတို့သည် မိမိတို့အလံပါလျက် နောက်ဆုံးတပ်အရာ၌ ချီရကြမည်။
32 ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက်ရေအတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်းလူပေါင်းကား၊ ခြောက်သိန်းသုံးထောင်ငါးရာငါးဆယ် ရှိသတည်း။ 33 ထာဝရဘုရားသည်၊ မောရှအားမှာထားတော်မူသည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့နှင့် ရောနှော၍မရေတွက်ရ။ 34 ထာဝရဘုရားသည်၊ မောရှေအားမှာထားတော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကိုလည်းကောင်း၊ မိမိဘိုးဘအမျိုးအလိုက်ချီခြင်းကိုလည်းကောင်း ပြုရကြ၏။