28
ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း
(မာ ၁၆:၁-၁၀ လု ၂၄:၁-၁၂ ယော ၂၀:၁-၁၀)
ဥပုသ်နေ့လွန်၍ ခုနစ်ရက်တွင် ပထမနေ့ရက် မိုးလင်းအံ့ဆဲဆဲအချိန်၌၊ မာဂဒလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။- ထိုအခါ မြေကြီးသည် ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှ ဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာ ထိုင်နေ၏။- သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင်၏။ အဝတ်သည်လည်း မိုးပွင့်ကဲ့သို့ ဖြူ၏။- လူစောင့်တို့သည် ကောင်းကင်တမန်ကို ကြောက်ရွံ့သဖြင့် တုန်လှုပ်၍ သေမတတ်ဖြစ်ကြ၏။- ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သော ယေရှုကို သင်တို့ရှာကြသည်ကို ငါသိ၏။- ဤအရပ်၌ မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။- အလျင်အမြန်ပြန်သွား၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အား ပြောကြလော့။ သင်တို့ရှေ့ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်၊ ငါပြောပြီဟု ထိုမိန်းမတို့အား ကောင်းကင်တမန်ဆို၏။- ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့သဖြင့်လည်းကောင်း၊ အလွန်ဝမ်းမြောက်သဖြင့်လည်းကောင်း၊ သင်္ချိုင်းတော်မှ အလျင်အမြန်သွား၍ တပည့်တော်တို့အား ထိုသတင်းစကားကို ကြားပြောခြင်းငှာ ပြေးကြ၏။- လမ်းမှာသွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ၍၊ သင်တို့အား မင်္ဂလာဖြစ်စေသတည်းဟု မိန့်တော်မူ၏။ ထိုမိန်းမတို့သည် ချဉ်းကပ်၍ ခြေတော်ကိုဖက်ယမ်းလျက် ပျပ်ဝပ်ကိုးကွယ်ကြ၏။- 10 ယေရှုကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သွားကြလော့။ ငါ့ညီတို့သည် ဂါလိလဲပြည်သို့ သွားစေခြင်းငှာ ဤသတင်းစကားကို ကြားပြောကြလော့။ ထိုပြည်၌ သူတို့သည် ငါ့ကို တွေ့မြင်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
အ​စောင့်​များထံမှ​သ​တင်း
11 ထိုမိန်းမတို့သည် သွားကြစဉ်အခါ လူစောင့်အချို့တို့သည် မြို့ထဲသို့ဝင်၍ ဖြစ်လေသမျှသော အခြင်းအရာတို့ကို ယဇ်ပုရောဟိတ်အကြီးတို့အား ပြန်ကြားကြ၏။- 12 ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် စုဝေး၍ တိုင်ပင်ပြီးမှ စစ်သူရဲတို့အား ငွေအများကို ပေး၍၊- 13 ညအခါ ငါတို့အိပ်ပျော်စဉ်တွင် ထိုသူ၏ တပည့်တို့သည်လာ၍ အလောင်းကို ခိုးသွားကြသည်ဟု သင်တို့ပြောကြလော့။- 14 ထိုအကြောင်းကို မြို့ဝန်မင်းကြားပြန်လျှင်၊ ငါတို့သည် သူ့ကိုဖျောင်းဖျ၍ သင်တို့၌ အမှုမရှိစေခြင်းငှာ ငါပြုမည်ဟု၊- 15 သွန်သင်သည်နှင့်အညီ စစ်သူရဲတို့သည် ငွေကိုယူ၍ပြုကြ၏။ ထိုစကားကို ယခုတိုင်အောင် ယုဒလူတို့သည် အနှံ့အပြား ပြောဆိုကြ၏။
တ​ပည့်​တော်​တို့​အား​မှာကြား​ခြင်း
(မာ ၁၆:၁၄-၁၈ လု ၂၄:၃၆-၄၉ ယော ၂၀:၁၉-၂၃ တ ၁:၆-၈)
16 တစ်ကျိပ်တစ်ပါးသော တပည့်တော်တို့သည် ဂါလိလဲပြည်သို့ သွား၍ ယေရှုမှာထားတော်မူသော တောင်ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော်ကိုတွေ့မြင်၍ ပျပ်ဝပ်ကိုးကွယ်ကြ၏။-Ref ၂၈:၁၆။ မ ၂၆:၃၂။ မာ၊ ၁၄:၂၈။ 17 အချို့တို့သည် ယုံမှားခြင်းရှိကြ၏။- 18 ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။- 19 သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။-Ref ၂၈:၁၉။ တ ၁:၈။ 20 ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင်ပြီး၏။