4
လောင်သောနေ့​ရက်​ကာလ
မီးဖို၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသောသူ အပေါင်းတို့သည် အမှိုက်ခြောက် ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ ငါ၏နာမတော်ကို ကြောက်ရွံ့သောသင်တို့၌ကား၊ တရားတော်နေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်းတော်မူမည်။ သင်တို့သည် ထွက်သွား၍ တင်းကုပ်၌ နွားသငယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ မတရားသောသူတို့ကိုလည်း နင်းကြလိမ့်မည်။ ထိုသို့ ငါစီရင်သော နေ့ရက်၌ သူတို့သည် သင်တို့ ခြေဖဝါးအောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
ဣသရေလအမျိုးသားအပေါင်းတို့အဖို့ ဟောရပ်အရပ်၌ငါမှာထားသော၊ ငါ့ကျွန်မောရှေ၏တရားတည်းဟူသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို အောက်မေ့ကြလော့။ ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက်ဖွယ်သောနေ့ရက်ကြီး မရောက်မီ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။Ref ၄:၅။ မ ၁၁:၁၄၊ ၁၇:၁၀-၁၃။ မာ၊ ၉:၁၁-၁၃။ လု၊ ၁:၁၇။ ယော၊ ၁:၂၁။ ငါသည်လာ၍ သင်တို့၏ပြည်ကို ကျိန်ခြင်းဘေးနှင့် ဒဏ်မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သားတို့နှင့် အဘတို့ကိုလည်းကောင်း၊ အဘတို့နှင့် သားတို့ကိုလည်းကောင်း အသင့်အတင့် ဖြစ်စေမည်ဟု မိန့်တော်မူ၏။
ဓမ္မဟောင်းကျမ်းတို့တွင် နောက်ဆုံးကျမ်းတည်းဟူသော၊ ပရောဖက်မာလခိ စီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။