11
စင်ကြယ်၊ မစင်ကြယ်သော​တိ​ရစ္ဆာန် ​\r (တရား ၁၄:၃-၂၁)
တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကို ခေါ်တော်မူ၍၊ သင်တို့သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မြေကြီးပေါ်မှာရှိသော သားတကာတို့တွင်၊ ခွာကွဲပြား၍စားမြုံ့ပြန်သောသားများကို သင်တို့သည် စားရသောအခွင့်ရှိ၏။ သို့သော်လည်း၊ စားမြုံ့ပြန်သောသား၊ ခွာကွဲပြားသောသားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုတ်သည်စားမြုံ့ပြန်သော်လည်း ခွာမကွဲပြားသောကြောင့် သင်တို့၌မစင်ကြယ်။ ရှာဖန်သည်စားမြုံ့ပြန်သော်လည်း၊ ခွာမကွဲပြားသောကြောင့် သင်တို့၌မစင်ကြယ်။ အာရနဘက်သည်စားမြုံ့ပြန်သော်လည်း ခွာမကွဲပြားသောကြောင့် သင်တို့၌မစင်ကြယ်။ ဝက်သည်ခွာကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌မစင်ကြယ်။ ထိုသို့သော တိရစ္ဆာန်အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့မှတ်ရကြမည်။
ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌နေသော တိရစ္ဆာန်တကာတို့တွင်၊ အယက်နှင့်အကြေးရှိသော တိရစ္ဆာန်ကိုသာစားရမည်။ 10 အယက်နှင့်အကြေးမရှိ၊ ပင်လယ်ရေ၊ မြစ်ရေအစရှိသောရေ၌ လှုပ်ရှားလျက် အသက်ရှင်လျက်နေသော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ ရွံရှာဖွယ်ဖြစ်ရကြမည်။ 11 အယက်အကြေးနှင့် မပြည့်စုံသောရေတိရစ္ဆာန်အသားကို သင်တို့သည်မစားရ။ 12 သူတို့အသေကောင်ကိုလည်း ရွံရှာရကြမည်။
13 သင်တို့သည် ရွံရှာဖွယ်မှတ်၍ မစားရသောငှက်မျိုးဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊ 14 ဒါဟ၊ စွန်မျိုး၊ 15 ကျီးမျိုးရှိသမျှ 16 ကုလားအုတ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊ သိမ်းမျိုး၊ 17 ဇီးကွက်၊ ကြိုးကြာ၊ ဣဗိတ်၊ 18 ငှက်ကျား၊ ဝံပို၊ ဝံလို၊ 19 တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊ 20 အတောင်ရှိလျက် ခြေလေးချောင်းနှင့်တွားတတ်သော တိရစ္ဆာန်မျိုးရှိသမျှတို့သည် သင်တို့၌ ရွံရှာဖွယ်ဖြစ်ရကြမည်။ 21 သို့ရာတွင် အတောင်ရှိလျက် ခြေလေးချောင်းနှင့်တွားတတ်၍၊ မြေပေါ်မှာ ခုန်စရာဖို့ အခြားခြေထက်ရှည်သော ခြေထောက်ရှိသော တိရစ္ဆာန်တို့တွင်၊ 22 အာရာဘကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကို စားရမည်။ 23 အတောင်ရှိ၍ ခြေလေးချောင်းနှင့်တွားတတ်သော အခြားတိရစ္ဆာန်တို့သည် သင်တို့၌ ရွံရှာဖွယ်ဖြစ်ရကြမည်။ 24 ထိုတိရစ္ဆာန်အားဖြင့် သင်တို့စင်ကြယ်ခြင်း ပျက်တတ်၏။ သူတို့အသေကောင်ကို ထိသောသူသည်၊ ညဉ့်ဦးတိုင်အောင် မစင်ကြယ်။ 25 ထိုအသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ညဉ့်ဦးတိုင်အောင်လည်း မစင်ကြယ်။ 26 ခွာမကွဲပြားသောတိရစ္ဆာန်၊ စားမြုံ့မပြန်သောတိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌မစင်ကြယ်။ သူတို့အသေကောင်ကို ထိသမျှသောသူတို့သည် မစင်ကြယ်ကြ။ 27 ခွာမရှိသောသားအမျိုးမျိုးတို့သည် သင်တို့၌မစင်ကြယ်ကြ။ သူတို့အသေကောင်ကို ထိသောသူသည် ညဉ့်ဦးတိုင်အောင် မစင်ကြယ်။ 28 သူတို့အသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ညဉ့်ဦးတိုင်အောင်လည်း မစင်ကြယ်။
29 မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်တို့တွင် ပွေး၊ ကြွက်၊ အိမ်မြှောင်မျိုး၊ 30 တောက်တဲ့၊ မြွေပါ၊ သင်းချော၊ ပုတတ်၊ ပုတ်သင်တို့သည် သင်တို့၌မစင်ကြယ်ကြ။ 31 သူတို့အသေကောင်ကို ထိသောသူသည် ညဉ့်ဦးတိုင်အောင် မစင်ကြယ်။ 32 ထိုအသေကောင်သည် သစ်ခွက်၊ အဝတ်၊ အရေ၊ အ​မွေး၊ အိတ်အစရှိသော အသုံးအဆောင်တစ်စုံတစ်ခုပေါ်သို့ကျလျှင် ထိုအသုံးအဆောင်မစင်ကြယ်။ ရေ၌နှစ်ရမည်။ ညဉ့်ဦးတိုင်အောင်လည်း မစင်ကြယ်။ ထိုနောက်စင်ကြယ်လိမ့်မည်။ 33 မြေခွက်တစ်စုံတစ်ခုပေါ်သို့ အသေကောင်ကျလျှင် ထိုမြေခွက် မစင်ကြယ်သောကြောင့် ခွဲရမည်။ 34 ထိုမြေခွက်ရေသည်၊ စားစရာ အမဲသားပေါ်သို့ကျလျှင်၊ အမဲသားမစင်ကြယ်။ ထိုမြေခွက်၌သောက်စရာရေလည်း မစင်ကြယ်။ 35 အကြင်အရာအပေါ်၌ ထိုအသေကောင်ကျ၏။ ထိုအရာသည် မီးဖိုဖြစ်စေ၊ ခုံလောက်ဖြစ်စေ၊ မစင်ကြယ်ရာသို့ရောက်၍ သင်တို့၌မစင်ကြယ်သောကြောင့် ဖြိုဖျက်ရမည်။ 36 သို့ရာတွင် ရေစုဝေးရာစမ်းရေတွင်း၊ တူးသောရေတွင်းသည် မစင်ကြယ်ရာသို့ မရောက်။ အသေကောင်ကို ထိမိသောအရာသာ မစင်ကြယ်ရာသို့ရောက်၏။ 37 ကြဲစရာမျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် မစင်ကြယ်ရာသို့မရောက်။ 38 ရေ၌စိမ်ထားပြီးသောမျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် သင်တို့၌မစင်ကြယ်။ 39 သင်တို့စားအပ်သော တိရစ္ဆာန်သေလျှင်၊ အသေကောင်ကို ထိမိသောသူသည် ညဉ့်ဦးတိုင်အောင်မစင်ကြယ်။ 40 ထိုအသေကောင်ကို စားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဉ့်ဦးတိုင်အောင်မစင်ကြယ်။ ထိုအသေကောင်ကို ဆောင်သွားသောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ ညဉ့်ဦးတိုင်အောင်မစင်ကြယ်။
41 မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဖွယ်ဖြစ်၍ သင်တို့မစားရ။ 42 ခြေမရှိ၊ ဝမ်းဖြင့်သွားသည်ဖြစ်စေ၊ ခြေလေးချောင်းဖြင့်သွားသည်ဖြစ်စေ၊ ခြေလေးချောင်းမကများသော ခြေဖြင့်သွားသည်ဖြစ်စေ၊ မြေပေါ်တွားတတ်သော တိရစ္ဆာန်တစ်စုံတစ်ခုကိုမျှ မစားရ။ ရွံရှာဖွယ်ဖြစ်၏။ 43 တွားတတ်သောတိရစ္ဆာန် တစ်စုံတစ်ခုအားဖြင့် သင်တို့သည် ကိုယ်ကိုရွံရှာဖွယ် မဖြစ်စေရ။ ထိုသို့အားဖြင့် ကိုယ်ညစ်ညူးအောင် ကိုယ်၌မစင်ကြယ်သည်ကို မပြုရ။ 44 ငါသည် သင်တို့ဘုရားသခင်ထာဝရဘုရား ဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည်လည်း ကိုယ်ကိုယ်ကိုသန့်ရှင်းစေ၍ သန့်ရှင်းခြင်းရှိရကြမည်။ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန် တစ်စုံတစ်ခုအားဖြင့်မျှ သင်တို့သည် ကိုယ်ကိုယ်ကိုမညစ်ညူးစေရကြ။ 45 ငါသည် သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော ထာဝရဘုရားဖြစ်၏။ ငါသည်သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်းရှိရကြမည်။ 46 - 47 ဤရွေ့ကားစင်ကြယ်၊ မစင်ကြယ်၊ စားအပ်၊ မစားအပ်သော တိရစ္ဆာန်တို့ကို ပိုင်းခြားစေခြင်းငှာ၊ သား၊ ငှက်၊ ရေ၌သွား၍ အသက်ရှင်သောတိရစ္ဆာန်၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်ရှိသမျှနှင့် ဆိုင်သောတရားဟု မိန့်တော်မူ၏။