25
ယေ​ရု​ရှ​လင်​မြို့​ကျဆုံး​ခြင်း​
(၆ရာ ၃၆:၁၃-၂၁ ယေ ၅၂:၃ခ-၁၁)
ဇေဒကိမင်းနန်းစံ ကိုးနှစ်၊ ဒသမလဆယ်ရက်နေ့တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊Ref ၂၅:၁။ ယေ ၂၁:၁-၁၀၊ ၃၄:၁-၅။ ယေဇ၊ ၂၄:၂။ ဇေဒကိမင်းနန်းစံ တစ်ဆယ်တစ်နှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။ ထိုနှစ် စတုတ္ထလကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့သည် စားစရာမရှိသောအခါ၊ ခါလဒဲ လူတို့သည် မြို့ရိုးကိုဖြိုဖောက်၍ မြို့ကိုလည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့သည် ညအခါပြေး၍ မြို့ရိုးနှစ်ထပ်စပ်ကြား ဥယျာဉ်တော်နား တံခါးဝဖြင့်ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။Ref ၂၅:၄။ ယေဇ ၃၃:၂၁။ ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ကိုလိုက်၍ ယေရိခေါလွင်ပြင်၌ မီသဖြင့်၊ ဇေဒကိမင်း၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။ ရန်သူတို့သည် ရှင်ဘုရင်ကိုဖမ်းဆီး၍ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြောစီရင်သည်အတိုင်း၊ ဇေဒကိမင်း၏သားတို့ကို အဘမျက်မှောက်၌ သတ်ကြ၏။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကိုကြေးဝါးကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွားကြ၏။Ref ၂၅:၇။ ယေဇ ၁၂:၁၃။
ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​ခြင်း​
(ယေ ၅၂:၁၂-၃၃)
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာနန်းစံ ဆယ်ကိုးနှစ်၊ ပဥ္စမလ ခုနစ်ရက်နေ့တွင်၊ အမှုတော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့လာ၍၊ ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသားအိမ်ရှိသမျှတို့ကို မီးရှို့လေ၏။Ref ၂၅:၉။ ၃ရာ ၉:၈။ 10 ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲစစ်သူရဲအပေါင်းတို့သည် ယေရုရှလင်မြို့ရိုး ရှိသမျှတို့ကို ဖြိုဖျက်ကြ၏။ 11 ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောသူ၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွားလေ၏။ 12 သို့ရာတွင် စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ်စေခြင်းငှာ၊ ဆင်းရဲသားအချို့တို့ကို ထားခဲ့လေ၏။
13 ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကိုလည်းကောင်း၊ ကြေးဝါရေကန်ကိုလည်းကောင်း၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကိုလည်းကောင်း၊ ခါလဒဲလူတို့သည် ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွားကြ၏။Ref ၂၅:၁၃။ ၃ရာ ၇:၁၅-၂၆။ ၆ရာ၊ ၃:၁၅-၁၇။ 14 အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ ကြေးဝါတန်ဆာ ရှိသမျှတို့ကိုလည်း ယူသွားကြ၏။Ref ၂၅:၁၄။ ၃ရာ ၇:၄၅။ ၆ရာ၊ ၄:၁၆။ 15 ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော လင်ပန်း၊ အိုးအစရှိသော တန်ဆာများကို ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။ 16 ဗိမာန်တော်၌ ရှောလမုန်မင်းလုပ်သော တိုင်နှစ်တိုင်၊ ရေကန်တစ်ခု၊ အခြေအမြစ်များ၌ပါသော ကြေးဝါသည် အချိန်အားဖြင့် အတိုင်းမသိများ၏။ 17 တိုင်အမြင့်ကား တစ်ဆယ်ရှစ်တောင်ရှိ၏။ ကြေးဝါတိုင်ထိပ်လည်း ရှိ၏။ တိုင်ထိပ်အမြင့်ကား သုံးတောင်ရှိ၍၊ ထိပ်ပတ်လည် ကြေးဝါကွန်ရွက်၊ ကြေးဝါသလဲသီးတို့နှင့် ပြည့်စုံ၏။ အခြားသောတိုင်သည်လည်း ထိုအတူဖြစ်၍ ကွန်ရွက်နှင့် ပြည့်စုံ၏။
ယု​ဒ​ပြည်​သူ​တို့​အား​ဗာ​ဗု​လုန်​သို့​ဖမ်း​ဆီး​သွား ​ခြင်း
(ယေ ၅၂:၂၄-၂၇)
18 ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်း စရာယ၊ ဒုတိယယဇ်ပုရောဟိတ် ဇေဖနိ၊ ဗိမာန်တော်တံခါးမှူး သုံးယောက်တို့ကို ဖမ်းဆီးလေ၏။ 19 စစ်သူရဲတို့ကိုအုပ်သော ဗိုလ်တစ်ယောက်၊ မြို့ထဲ၌တွေ့မိသော တိုင်ပင်မှူးမတ်ငါးယောက်၊ ပြည်သူပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီးတစ်ယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သားခြောက်ဆယ်တို့ကို မြို့ထဲကခေါ်သွား၍၊ 20 ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ဆောင်ခဲ့ပြီးလျှင်၊ 21 ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည်ရိဗလမြို့၌ ထိုသူတို့ကို ဒဏ်ပေး၍ ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကို ခံရသတည်း။
ယု​ဒ​ဘု​ရင်​ခံ​ဂေ​ဒ​လိ​
(ယေ ၄၀:၇-၉ ၄၁:၁-၃)
22 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏အခွင့်နှင့် ယုဒပြည်၌ ကျန်ကြွင်းသေးသောလူတို့ကို အုပ်ရသောမင်းအရာ၌၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိကို ခန့်ထားတော်မူ၏။Ref ၂၅:၂၂-၂၄။ ယေ ၄၀:၇-၉။ 23 ဗာဗုလုန်ရှင်ဘုရင်သည် ဂေဒလိကို ပြည်အုပ်အရာ၌ ခန့်ထားကြောင်းကို တပ်မှူးတို့နှင့် စစ်သူရဲများတို့သည် ကြားသိသောအခါ၊ နာသနိသား ဣရှမေလ၊ ကာရာသား ယောဟနန်၊ နေတောဖတ်အမျိုး၊ တာနုမက်သား စရာယ၊ မာခလိအမျိုးသား ယေဇနိတို့သည် မိမိလူများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့သို့ လာ၍၊ 24 ဂေဒလိက၊ ခါလဒဲမင်းအမှုကို ဆောင်ရွက်ရမည်အခွင့်ကို မစိုးရိမ်ကြနှင့်။ ဤပြည်၌ နေကြလော့။ ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင် ချမ်းသာရကြလိမ့်မည်ဟူ၍ ထိုသူတို့အား ကျိန်ဆိုလေ၏။
25 သတ္တမလတွင်၊ ဆွေတော်မျိုးတော် ဧလိရှမာသား နာသနိ၏သားဣရှမေလသည် လူတစ်ကျိပ်နှင့်တကွ လာ၍ ဂေဒလိကိုလည်းကောင်း၊ မိဇပါမြို့၌ ဂေဒလိထံမှာရှိသော ယုဒလူတို့နှင့် ခါလဒဲလူတို့ကိုလည်းကောင်း သေအောင်လုပ်ကြံလေ၏။Ref ၂၅:၂၅။ ယေ ၄၁:၁-၃။ 26 ထိုအခါ တပ်မှူးများနှင့် ပြည်သူပြည်သား အကြီးအငယ်အပေါင်းတို့သည် ခါလဒဲလူတို့ကို ကြောက်သောကြောင့် ထ၍ အဲဂုတ္တုပြည်သို့သွားကြ၏။Ref ၂၅:၂၆။ ယေ ၄၃:၅-၇။
ယေ​ခေါ​နိ​ကို​အ​ကျဉ်း​ထောင်​မှ​လွှတ်​ခြင်း​
(ယေ ၅၂:၃၁-၃၄)
27 ယုဒရှင်ဘုရင်ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလ နှစ်ဆယ်ခုနစ်ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမေရောဒက်နန်းစံ စက၊ ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲကနုတ်၍ ချမ်းသာပေးလေ၏။ 28 ကောင်းမွန်စွာနှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှာ အထံတော်၌ရှိသော မင်းကြီးများထိုင်ရာ ပလ္လင်တို့ထက် ချီးမြှင့်လေ၏။ 29 ယေခေါနိမင်းသည် ထောင်ထဲမှာဝတ်သော အဝတ်ကိုလဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ်မပြတ် အထံတော်၌ စားသောက်ရ၏။ 30 အသက်ရှည်သမျှ နေ့ရက်အစဉ်မပြတ် သူစားစရာဖို့ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ၏။
ဓမ္မရာဇဝင်စတုတ္ထစောင်ပြီး၏။