18
ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​
(၆ရာ ၂၉:၁-၂၊ ၃၁:၁)
ဣသရေလရှင်ဘုရင် ဧလာသားဟောရှေ နန်းစံသုံးနှစ်တွင်၊ ယုဒရှင်ဘုရင် အာခတ်သား ဟေဇကိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဇာခရိသမီး အာဘိအမည်ရှိ၏။ ထိုမင်းသည် အဘဒါဝိဒ်ကျင့်သမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။ မြင့်သောအရပ်တို့ကို ပယ်၏။ ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့၏။ အာရှရပင်တို့ကို ခုတ်လှဲ၏။ မောရှေလုပ်သော ကြေးဝါမြွေကို အပိုင်းပိုင်းဖြတ်၏။ အကြောင်းမူကား၊ ဣသရေလ အမျိုးသားတို့သည် ထိုကာလတိုင်အောင်၊ ထိုမြွေရှေ့မှာ နံ့သာပေါင်းကို မီးရှို့တတ်ကြ၏။ ထိုမြွေကို နဟုတ္တန်အမည်ဖြင့် မှည့်သတည်း။Ref ၁၈:၄။ တော ၂၁:၉။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကို ထိုမင်းခိုလှုံသကဲ့သို့၊ သူ့နောက်မှာခိုလှုံသော ယုဒရှင်ဘုရင် တစ်ယောက်မျှမရှိ။ ရှေ့ကာလ၌လည်းမရှိ။ ထာဝရဘုရား၌ဆည်းကပ်၍ နောက်တော်သို့ အစဉ်အမြဲလိုက်သဖြင့် မောရှေ၌ ထာဝရဘုရားထားတော်မူသော ပညတ်တော်တို့ကို စောင့်ရှောက်လေ၏။ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသဖြင့် သူသည် ပြုလေရာရာ၌ အောင်လေ၏။ အာရှုရိရှင်ဘုရင်၏ကျွန်မခံ။ ပုန်ကန်လေ၏။ ဖိလိတ္တိလူတို့ကိုတိုက်၍ ဂါဇမြို့နယ်တိုင်အောင် ခိုင်ခံ့သောမြို့များနှင့် ကင်းစောင့်သော မျှော်စင်များကို လုပ်ကြံလေ၏။
ဟေဇကိမင်းကြီး နန်းစံလေးနှစ်၊ ဣသရေလရှင်ဘုရင် ဧလာသားဟောရှေ နန်းစံခုနစ်နှစ်တွင်၊ အာရှုရိရှင်ဘုရင် ရှာလမနေဇာသည် ရှမာရိမြို့သို့ စစ်ချီ၍ ဝိုင်းထား၏။ 10 သုံးနှစ်စေ့သောအခါ၊ ဟေဇကိနန်းစံခြောက်နှစ်၊ ဣသရေလရှင်ဘုရင်ဟောရှေ နန်းစံကိုးနှစ်တွင် ရှမာရိမြို့ကို တိုက်၍ရကြ၏။ 11 အာရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံမြို့ရွာတို့၌ထား၏။ 12 အကြောင်းမူကား၊ သူတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ ဖွဲ့တော်မူသော ပဋိညာဉ်ကိုလည်းကောင်း၊ ထာဝရဘုရား၏ကျွန် မောရှေမှာထားသမျှကိုလည်းကောင်း၊ အမှုမထားလွန်ကျူးကြ၏။
အာ​ရှု​ရိ​အ​မျိုး​သား​တို့ခြိမ်း​ခြောက်​ခြင်း
(၆ရာ ၃၂:၁-၁၉ ဟေ​ရှာ ၃၆:၁-၂၂)
13 ဟေဇကိမင်းကြီး နန်းစံဆယ်လေးနှစ်တွင်၊ အာရှုရိရှင်ဘုရင်သနာခရိပ်သည် ယုဒပြည်၌ ခိုင်ခံ့သောမြို့ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံလေ၏။ 14 ယုဒရှင်ဘုရင်ဟေဇကိသည် အာရှုရိရှင်ဘုရင်ရှိရာ လာခိရှမြို့သို့စေလွှတ်၍၊ အကျွန်ုပ်မှားပါပြီ။ ပြန်သွားတော်မူပါ။ ကိုယ်တော်တင်သမျှကိုထမ်းပါမည်ဟု လျှောက်စေသော်၊ အာရှုရိရှင်ဘုရင်သည် ယုဒရှင်ဘုရင်ဟေဇကိ၌ ငွေအခွက်သုံးထောင်၊ ရွှေအခွက်သုံးရာကိုတောင်း၏။ 15 ဟေဇကိသည် ဗိမာန်တော်၌လည်းကောင်း၊ နန်းတော် ဘဏ္ဍာတိုက်၌လည်းကောင်း၊ တွေ့သမျှသောငွေကို ပေး၏။ 16 ဗိမာန်တော်တံခါး၊ တန်ဆာများ၊ ကိုယ်တိုင်အရင်မွမ်းမံသော တိုင်တန်ဆာများကိုလည်းချွတ်၍ အာရှုရိရှင်ဘုရင်အားပေး၏။
17 နောက်တစ်ဖန် အာရှုရိရှင်ဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို များစွာသော ဗိုလ်ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့်၊ သူတို့သည် ရောက်သောအခါ၊ ခဝါသည်၏ လယ်နားမှာလျှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ ရပ်နေကြ၏။ 18 ရှင်ဘုရင်ကို ခေါ်သောအခါ၊ ဟိလခိသားဖြစ်သော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သား အတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ထွက်ပြီးလျှင်၊ 19 ရာဗရှာခက၊ မဟာအရှင်မင်းကြီး၊ အာရှုရိရှင်ဘုရင်သည် ဟေဇကိကိုမိန့်တော်မူသည်ကား၊ သင်ခိုလှုံသဖြင့် ခိုလှုံရာကား အဘယ်သို့နည်း။ 20 စစ်တိုက်လောက်အောင် ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသောစကားကို သင်ဆိုပါသည်တကား။ ငါ့ကိုပုန်ကန်ခြင်းငှာ အဘယ်သူကို ကိုးစားသနည်း။ 21 ကျိုးသောကျူလုံး တောင်ဝှေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီသောသူ၏လက်ကို ဖောက်၍ လျှိုသွားလိမ့်မည်။ ထိုသို့ အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ၌မှီသော သူအပေါင်းတို့ကိုပြုလိမ့်မည်။ 22 သင်တို့က၊ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရားကိုကိုးစားသည်ဟု ဆိုပြန်လျှင်၊ ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကိုပယ်၍၊ ယေရုရှလင်မြို့မှာ ဤမည်သောယဇ်ပလ္လင်ရှေ့၌သာ ကိုးကွယ်ရမည်ဟု ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို မှာထားသဖြင့်၊ သင်တို့ပြစ်မှားသောဘုရားဖြစ်သည် မဟုတ်လော။ 23 သို့ဖြစ်၍ ယခုတွင် ငါ့သခင်အာရှုရိရှင်ဘုရင်၌ အာမခံတို့ကိုအပ်ပါလော့။ သင်၌ မြင်းစီးသူရဲလုံလောက်အောင်ရှိလျှင် မြင်းနှစ်ထောင်တို့ကို ငါပေးမည်။ 24 သင်သည် ငါ့သခင်၏ကျွန်တို့တွင် အငယ်ဆုံးသောဗိုလ်ကို အဘယ်သို့ လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည်မှ ရထားများ၊ မြင်းစီးသူရဲများကိုရမည်ဟု ယုံပါသည်တကား။ 25 ထာဝရဘုရား၏အခွင့်မရှိဘဲ ဤပြည်ကိုဖျက်ဆီးခြင်းငှာ ငါလာသလော။ ထိုပြည်ကိုသွား၍ ဖျက်ဆီးလော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ။ ဤအကြောင်းအရာများကို ပြန်ပြောကြလော့ဟု ပြောဆို၏။ 26 ထိုအခါ ဟိလခိသား ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိဘာသာစကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ကျွန်တော်တို့သည် နားလည်ပါ၏။ မြို့ရိုးပေါ်မှာရှိသော သူတို့သည်ကြားရအောင် ယုဒဘာသာစကားအားဖြင့် အမိန့်မရှိပါနှင့်ဟု ရာဗရှာခကိုဆိုကြလျှင်၊ 27 ရာဗရှာခက၊ ငါ့သခင်သည် သင်၏သခင်နှင့် သင့်အားသာ ဤစကားကိုပြောစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူသလော။ မြို့ရိုးပေါ်မှာထိုင်လျက် သင်တို့နှင့်အတူ မိမိတို့မစင်ကိုစား၍၊ မိမိတို့ရေဟောင်းကို သောက်ရသောသူတို့ရှိရာသို့ စေလွှတ်တော်မူသည် မဟုတ်လောဟုဆိုပြီးလျှင်၊ 28 ရာဗရှာခသည်ထ၍ ယုဒဘာသာစကားအားဖြင့် ကျယ်သောအသံနှင့် ကြွေးကြော်လျက်၊ မဟာအရှင်မင်းကြီး အာရှုရိရှင်ဘုရင်၏ အမိန့်တော်ကို နားထောင်ကြလော့။ 29 ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ဟေဇကိသည် သင်တို့ကို မလှည့်စားစေနှင့်။ သူသည် သင်တို့ကိုငါ့လက်မှ ကယ်ယူခြင်းငှာ မတတ်နိုင်။ 30 ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ဧကန်အမှန်ကယ်ယူတော်မူမည်။ ဤမြို့သည် အာရှုရိရှင်ဘုရင် လက်သို့ မရောက်ရဟုဆိုသဖြင့်၊ ထာဝရဘုရားကို မကိုးစားစေနှင့်။ 31 ဟေဇကိစကားကို နားမထောင်ကြနှင့်။ 32 အာရှုရိရှင်ဘုရင် မိန့်တော်မူသည်ကား၊ ငါနှင့်မိတ်သဟာယဖွဲ့ကြ။ ငါ့ထံသို့ထွက်လာကြ။ သင်တို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ သင်တို့ပြည်နှင့်တူသော ပြည်တည်းဟူသော၊ ဆန်စပါး၊ စပျစ်ရည်နှင့်ပြည့်စုံသောပြည်၊ မုန့်နှင့်စပျစ်ဥယျာဉ်၊ သံလွင်ဆီ၊ ပျားရည်များသောပြည်သို့ပို့ခြင်းငှာ ငါမလာမီတိုင်အောင် သင်တို့သည် ကိုယ်စပျစ်ပင်၏ အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏အသီးကိုစား၍၊ ကိုယ်ရေကန်ကရေကိုသောက်လျက် နေကြဦးလော့။ 33 ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကိုကယ်ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်။ အပြည်ပြည်သော ဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်ကြပြီလော။ 34 ဟာမတ်ပြည်၏ဘုရား၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်၊ ဣဝါပြည်၏ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။ 35 ထိုအပြည်ပြည်သော ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဖူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။ 36 ယုဒလူတို့လည်း စကားတစ်ခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ ပြန်မပြောနှင့်ဟု ရှင်ဘုရင် အမိန့်တော်ရှိသတည်း။
37 ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သားအတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်လျက်၊ ဟေဇကိမင်းထံသို့လာ၍ ရာဗရှာခစကားကိုကြားလျှောက်ကြ၏။