16
ယု​ဒ​ဘု​ရင်​အာ​ခတ်​
(၆ရာ ၂၈:၁-၂၇)
ရေမလိသားပေကာ နန်းစံဆယ်ခုနစ်နှစ်တွင် ယုဒရှင်ဘုရင်ယောသံသား အာခတ်သည် အသက်နှစ်ဆယ်ရှိသော်နန်းထိုင်၍၊ ယေရုရှလင်မြို့၌ ဆယ်ခြောက်နှစ် စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့မကျင့်၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို မပြု၊ ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့ လိုက်၍၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ရှေ့မှ၊ နှင်ထုတ်တော်မူသော တစ်ပါးအမျိုးသားတို့၏ ရွံရှာဖွယ်ထုံးစံအတိုင်း၊ မိမိသားကို မီးဖြင့်ပူဇော်၏။Ref ၁၆:၃။ တရား ၁၂:၃၁။ မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက်တို့၌ ပူဇော်၍ နံ့သာပေါင်းကိုမီးရှို့တတ်၏။
ထိုအခါ ရှုရိရှင်ဘုရင်ရေဇိန်နှင့် ဣသရေလရှင်ဘုရင် ရေမလိသားပေကာသည် ယေရုရှလင်မြို့သို့ စစ်ချီ၍ အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ရ။Ref ၁၆:၅။ ဟေ​ရှာ ၇:၁။ သို့ရာတွင်၊ ရှုရိရှင်ဘုရင်ရေဇိန်သည် ဧလတ်မြို့ကို ရှုရိနိုင်ငံသို့သွင်းပြန်၍၊ ယုဒလူတို့ကို နှင်ထုတ်သဖြင့်၊ ရှုရိလူတို့သည် လာ၍ ယနေ့တိုင်အောင် ဧလတ်မြို့၌ နေကြ၏။
ထိုကြောင့် အာခတ်သည် အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာထံသို့ သံတမန်ကိုစေလွှတ်၍၊ ကျွန်ုပ်သည် ကိုယ်တော်သား၊ ကိုယ်တော်ကျွန်ဖြစ်ပါ၏။ လာပါ။ ကျွန်ုပ်ကိုရန်ဘက်ပြုသော ရှုရိရှင်ဘုရင်နှင့် ဣသရေလရှင်ဘုရင်လက်မှ ကယ်ယူပါဟု တောင်းပန်၏။ တစ်ဖန် ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်ဘဏ္ဍာတိုက်၌လည်းကောင်း ရှိသောရွှေငွေကိုယူ၍ အာရှုရိရှင်ဘုရင်ထံသို့ လက်ဆောင်ပေးလိုက်လေ၏။ အာရှုရိရှင်ဘုရင်သည် နားထောင်၍ ဒမာသက်မြို့သို့စစ်ချီ၍ တိုက်ယူပြီးလျှင်၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား၏။ ရေဇိန်မင်းကိုလည်းသတ်၏။
10 အာခတ်မင်းကြီးသည် အာရှုရိရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှာ ဒမာသက်မြို့သို့သွား၏။ ထိုမြို့မှာရှိသော ယဇ်ပလ္လင်ကိုမြင်လျှင်၊ ပလ္လင်ပုံ၊ အတိုင်းအရှည်၊ တန်ဆာရှိသမျှကိုရေး၍ ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးလိုက်၏။ 11 ထိုသို့ ဒမာသက်မြို့မှ အာခတ်မင်းပေးလိုက်သမျှအတိုင်း၊ ယဇ်ပုရောဟိတ်ဥရိယသည် အာခတ်မင်း မရောက်မီ လုပ်နှင့်ပြီ။ 12 ရှင်ဘုရင်သည် ဒမာသက်မြို့မှရောက်လာသောအခါ၊ ထိုယဇ်ပလ္လင်ကိုမြင်၍ ချဉ်းကပ်သဖြင့်၊ 13 မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာကိုမီးရှို့၏။ သွန်းလောင်းရာပူဇော်သကာကိုလည်း သွန်းလောင်း၏။ မိတ်သဟာယယဇ်အသွေးကိုလည်း ယဇ်ပလ္လင်ပေါ်မှာဖျန်းလေ၏။ 14 ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်ကို ဗိမာန်တော်ရှေ့၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော်စပ်ကြားအရပ်မှရွှေ့၍ ယဇ်ပလ္လင်ကြီး မြောက်ဘက်၌ ထား၏။Ref ၁၆:၁၄။ ထွ ၂၇:၁-၂။ ၆ရာ၊ ၄:၁။ 15 တစ်ဖန် ယဇ်ပုရောဟိတ်ဥရိယကို မှာထားသည်ကား၊ နံနက်မီးရှို့ရာယဇ်နှင့် ညဉ့်ဦးယံဘောဇဉ် ပူဇော်သကာ၊ ရှင်ဘုရင်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာတို့ကို ယဇ်ပလ္လင်ကြီးပေါ်မှာ မီးရှို့လော့။ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးအသွေးကိုလည်း ထိုပလ္လင်ပေါ်မှာဖျန်းလော့။ ကြေးဝါယဇ်ပလ္လင်သည် ငါမေးမြန်းစရာဖို့ ရှိရမည်ဟု၊ 16 အာခတ်မင်းကြီးမှာထားသမျှအတိုင်း ယဇ်ပုရောဟိတ်ဥရိယပြု၏။
17 အာခတ်မင်းကြီးသည် ကြေးဝါခုံတန်ဆာတို့ကို ပယ်၍ အင်တုံကိုလည်းရွှေ့၏။ ကြေးဝါရေကန်ကိုလည်း ကြေးဝါနွားတို့အပေါ်က ချ၍ ကျောက်ခင်းပေါ်မှာ တင်ထား၏။Ref ၁၆:၁၇။ ၃ရာ ၇:၂၃-၃၉။ ၆ရာ၊ ၄:၂-၆။ 18 ဗိမာန်တော်၌ ဥပုသ်စောင့်စရာဖို့ ဆောက်သောမဏ္ဍပ်ကိုလည်းကောင်း၊ ရှင်ဘုရင်တက်ရာ စောင်းတန်းကိုလည်းကောင်း၊ အာရှုရိရှင်ဘုရင်ကြောင့်ပယ်၏။ 19 အာခတ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 20 အာခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ဟေဇကိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။Ref ၁၆:၂၀။ ဟေရှာ ၁၄:၂၈။