46
အဲဂုတ္တုသို့တရားစီရင်ခြင်း
တစ်ပါးအမျိုးကိုရည်မှတ်၍ ပရောဖက်ယေရမိသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်တည်းဟူသော၊ ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင်၊ ကာခေမိတ်အရပ်၊ ဥဖရတ်မြစ်နား၌ တပ်ချ၍၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံသော အဲဂုတ္တုရှင်ဘုရင် ဖာရောနေခေါ်၏ စစ်သူရဲ၊ အဲဂုတ္တုပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ်တော်ဟူမူကား၊Ref ၄၆:၂-၂၆။ ဟေရှာ ၁၉:၁-၂၅။ ယေဇ၊ ၂၉:၁-၃၂:၃၂။ ဒိုင်းလွှားတို့ကို ပြင်ဆင်၍၊ စစ်တိုက်ခြင်းငှာ ချဉ်းကပ်ကြလော့။ မြင်းစီးသူရဲများတို့၊ မြင်းကို ကကြိုးတန်ဆာ ဆင်၍စီးပြီးလျှင်၊ သံခမောက်လုံးကို ဆောင်းလျက် ထွက်ကြလော့။ လှံတို့ကို ပွတ်ကြလော့။ သံချပ်အင်္ကျီတို့ကို ဝတ်ကြလော့။ သူတို့သည်ကြောက်ရွံ့၍ ဆုတ်သွားကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ အားကြီးသောသူတို့သည် ရှုံးသဖြင့် ပြန်၍မကြည့်ဝံ့။ အလျင်အမြန်ပြေးကြ၏။ ပတ်လည်အရပ်၌ ဘေးရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ လျင်မြန်သောသူကို မပြေးစေနှင့်။ အားကြီးသောသူကို မလွတ်စေနှင့်။ ဥဖရတ်မြစ်နား၊ မြောက်မျက်နှာ၌ ထိမိ၍ လဲကြလိမ့်မည်။ နိလမြစ် ထသကဲ့သို့လည်းကောင်း၊ မြစ်ရေ စီးသကဲ့သို့လည်းကောင်း တက်လာသော ဤသူကား အဘယ်သူနည်း။ အဲဂုတ္တုပြည်သည် နိလမြစ်ထသကဲ့သို့လည်းကောင်း၊ မြစ်ရေစီးသကဲ့သို့လည်းကောင်း တက်လာလျက်၊ ငါသည်ထ၍ မြေကြီးကို လွှမ်းမိုးမည်။ မြို့နှင့်တကွ မြို့သားတို့ကိုဖျက်ဆီးမည်ဟု ပြောဆို၏။ မြင်းများတို့၊ တက်ကြလော့။ ရထားများတို့၊ ဟုန်းဟုန်းမြည်ကြလော့။ သူရဲများတည်းဟူသော၊ ဒိုင်းလွှားကို ကိုင်တတ်သော ကုရှအမျိုး၊ ဖုတအမျိုးသား၊ လေးကိုကိုင်၍ ပစ်တတ်သော လုဒိအမျိုးသားတို့သည် ထွက်သွားကြစေ။ 10 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ရန်သူတို့ကို ဒဏ်ပေးရသောနေ့၊ အမျက်တော်ကို ဖြေရသောနေ့ရက် ဖြစ်သည်နှင့်အညီ၊ ဓားတော်သည် ကိုက်စား၍ ဝလိမ့်မည်။ သူတို့အသွေးနှင့် ယစ်မူးလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့၊ မြောက်မျက်နှာ၌ ဥဖရတ်မြစ်နားမှာ ယဇ်ပူဇော်စရာအကြောင်းရှိ၏။ 11 အို အဲဂုတ္တုသတို့သမီးကညာ၊ ဂိလဒ်ပြည်သို့သွား၍ ဗာလစံစေးကိုယူလော့။ သင်သည် များစွာသောဆေးကို အချည်းနှီးသုံးတတ်၏။ သင်၏အနာမပျောက်နိုင်ရာ။ 12 သင်သည် အရှက်ကွဲကြောင်းကို လူမျိုးတို့သည် ကြားကြပြီ။ သင်မြည်တမ်းသော အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြားပြီ။ သူရဲချင်း တစ်ယောက်နှင့်တစ်ယောက် ထိခိုက်၍၊ နှစ်ယောက်တို့သည် လဲကြပြီဟု မိန့်တော်မူ၏။
နေ​ဗု​ခဒ်​နေ​ဇာ​လာ​ရောက်​မည်
13 အဲဂုတ္တုပြည်ကို လုပ်ကြံခြင်းငှာ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလာမည်အကြောင်းကြောင့်၊ ထာဝရဘုရားသည် ပရောဖက်ယေရမိအား မိန့်တော်မူသောစကားဟူမူကား၊Ref ၄၆:၁၃။ ယေ ၄၃:၁၀-၁၃။ 14 သင့်ပတ်လည်၌ နေသောသူတို့ကို ဓားတော်သည် ကိုက်စားပြီ။ ကိုယ်ကိုပြင်ဆင်၍ မြဲမြံစွာ နေလော့ဟု အဲဂုတ္တုပြည်၌ ကြွေးကြော်ကြလော့။ မိဂဒေါလမြို့၌ သတင်းကြားကြလော့။ နောဖမြို့၊ တာပနက်မြို့၌လည်း ကြားပြောကြလော့။ 15 သင်၏သူရဲသည် အဘယ်ကြောင့်ရှုံးသနည်း။ ထာဝရဘုရားတွန်းချတော်မူသောကြောင့်၊ သူသည် မရပ်မနေနိုင်ရာ။ 16 လူများတို့သည် ထိမိ၍ တစ်ယောက်အပေါ်မှာ တစ်ယောက်လဲစေခြင်းငှာ ပြုတော်မူသည်ဖြစ်၍၊ သူတို့က၊ ထကြကုန်အံ့။ ညှဉ်းဆဲတတ်သောဓားကြောင့် ကိုယ်အမျိုး၊ ကိုယ်နေရင်းပြည်သို့ ပြန်ကြကုန်အံ့ဟု ပြောဆိုကြ၏။ 17 ရောက်ပြီးမှ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းသည် ဆုံးရှုံးပြီ။ စည်းဝေးရသောအချိန်ကို လွန်စေပြီဟု ဟစ်ကြ၏။ 18 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟု ဘွဲ့နာမရှိသောရှင်ဘုရင် မိန့်တော်မူသည်ကား၊ ငါသည်အသက်ရှင်သည်ဖြစ်၍၊ တောင်တို့တွင် တာဗော်တောင်ကဲ့သို့လည်းကောင်း၊ ပင်လယ်နားမှာ ကရမေလတောင်ကဲ့သို့လည်းကောင်း ထိုမင်းသည် လာလိမ့်မည်။ 19 နေရာကျသော အဲဂုတ္တုသတို့သမီး၊ နေရာပြောင်းစရာဖို့ ကိုယ်အသုံးအဆောင်များကို ပြင်လော့။ အကြောင်းမူကား၊ နောဖမြို့သည် နေသောသူမရှိအောင် သုတ်သင်ဖျက်ဆီးခြင်းကိုခံရမည်။
20 အဲဂုတ္တုပြည်သည် အဆင်းလှသောနွားမဖြစ်၏။ သို့ရာတွင်၊ မြောက်မျက်နှာဘက်က နှောင့်ယှက်ခြင်းအကြောင်း ပေါ်လာ၏။ 21 သူငှားတို့သည် သူ၏အလယ်၌ ဆူအောင်ကျွေးသော နွားကဲ့သို့ဖြစ်သော်လည်း၊ ပျက်စီးခြင်းနေ့၊ ဆုံးမခြင်းကို ခံရသောအချိန် ရောက်သောကြောင့်၊ သူတို့သည် မရပ်မနေ၊ ကျောကိုလှည့်၍ တညီတညွတ်တည်း ပြေးသွားကြ၏။ 22 သစ်ခုတ်သောသူကဲ့သို့ ပုဆိန်ပါလျက်၊ လူအလုံးအရင်းနှင့်တကွ ချီလာကြသောအခါ၊ သူ၏စကားသံသည် မြွေမြည်သံကဲ့သို့ ဖြစ်လိမ့်မည်။ 23 ထိုတောသည် အလွန်ရှုပ်သော်လည်း၊ သူတို့သည် ကျိုင်းကောင်ထက်မက မရေတွက်နိုင်အောင်များသောကြောင့် ခုတ်လှဲကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ 24 အဲဂုတ္တုသတို့သမီးသည် မိန်းမောတွေဝေလျက်ရှိ၏။ မြောက်မျက်နှာပြည်သားတို့ လက်သို့ ရောက်လေပြီ။ 25 ဣသရေလအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ နောမြို့၌ရှိသော အမ္မုန်ဘုရားနှင့် ဖာရောဘုရင်မှစ၍ အဲဂုတ္တုပြည်သားဘုရားများ၊ ရှင်ဘုရင်များတည်းဟူသော၊ ဖာရောဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစားသောသူတို့ကို ငါဆုံးမမည်။ 26 သူတို့အသက်ကို ရှာသောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းနှင့် သူ၏ကျွန်တို့လက်သို့ သူတို့ကိုငါအပ်မည်။ ထိုနောက်မှတစ်ဖန် အဲဂုတ္တုပြည်သည် အရင်ကဲ့သို့စည်ပင်လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
လူ​မျိုး​တော်​ကယ်​တော်​မူ​မည်
27 အို ငါ့ကျွန်ယာကုပ်၊ မကြောက်နှင့်။ အို ဣသရေလအမျိုး၊ စိတ်မပျက်နှင့်။ သင့်ကိုဝေးသောအရပ်မှလည်းကောင်း၊ သင်၏အမျိုးသားတို့ကို သိမ်းသွားရာပြည်မှလည်းကောင်း ငါနုတ်ယူဆောင်ခဲ့သဖြင့်၊ ယာကုပ်အမျိုးသည် ပြန်လာ၍၊ ခြောက်လှန့်သောသူမရှိ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရလိမ့်မည်။Ref ၄၆:၂၇-၂၈။ ယေ ၃၀:၁၀-၁၁။ 28 ငါ့ကျွန်ယာကုပ် မကြောက်နှင့်။ သင်နှင့်အတူ ငါရှိ၏။ သင့်ကို ငါနှင်ထုတ်သော တိုင်းနိုင်ငံရှိသမျှတို့ကို ငါသည်ဆုံးစေသော်လည်း၊ သင့်ကိုမဆုံးစေ။ သို့ရာတွင်၊ ရှင်းရှင်းအပြစ်မလွှတ်ဘဲ အတော်အတန်ဆုံးမမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။