42
ယောဟနန်ထံသတင်းစကား
ထိုအခါ ကာရာသား ​ယောဟနန်၊ ဟောရှဲသား ယေဇနိအစရှိ​သော တပ်မှူးရှိသမျှတို့နှင့် လူအကြီးအငယ်အပေါင်းတို့သည် ပရောဖက်ယေရမိထံသို့ ချဉ်းကပ်၍ အကျွန်ုပ်တို့သည် အထက်ကများသော်လည်း၊ ယခုကိုယ်​တော် မြင်သည်အတိုင်း အနည်းငယ်သာ ကျန်ကြွင်းပါသည်ဖြစ်၍၊ အကျွန်ုပ်တို့ သနား​တော်ခံသောစကားကို မပယ်ပါနှင့်။ အကျွန်ုပ်တို့ သွားရသောလမ်းနှင့် ပြုရသောအမှုကို ကိုယ်တော်၏ ဘုရားသခင် ထာ၀ရဘုရားသည် အကျွန်ုပ်တို့အား ပြတော်မူမည်အကြောင်း၊ ကျန်ကြွင်းသမျှ​သောသူ၊ အကျွန်ုပ်တို့အဖို့ ကိုယ်တော်၏ ဘုရားသခင် ထာရဘုရားထံ​တော်၌ ဆု​တောင်းပါလော့ဟု ​တောင်းပန်ကြ၏။ ပရောဖက် ယေရမိကလည်း ငါကြား၏။ သင်တို့ပြောသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာ၀ရဘုရားအား ဆု​တောင်းမည်။ ထာရဘုရားသည် သင်တို့အား မိန့်​တော်မူသမျှတို့ကို ပြန်ပြောမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက်ဟု ​ပြောဆို၏။ သူတို့ကလည်း ကိုယ်တော်ဘုရားသခင် ထာ၀ရဘုရားသည် ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့ကို မှာထား​တော်မူသမျှအတိုင်း၊ အကျွန်ုပ်တို့သည် ပြုပါမည်ဟု၊ ထာ၀ရဘုရားသည် အကျွန်ုပ်တို့၌ မှန်ကန်၍ သစ္စာစောင့်​သော သက်သေ ဖြစ်​တော်မူစေသတည်း။ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင် ထာရဘုရား၏အမိန့်တော်ကို နား​ထောင်သောအခါ ချမ်းသာရပါမည်အ​ကြောင်း၊ အကျွန်ုပ်တို့သည်၊ ကိုယ်​တော်ကို စေလွှတ်ရာ အကျွန်ုပ်တို့၏ဘုရားသခင် ထာ၀ရဘုရား၏အမိန့်​တော်သည် ကောင်းသည်ဖြစ်စေ၊ မ​ကောင်းသည်ဖြစ်စေ၊ နား​ထောင်ပါမည်ဟု ယေရမိအားပြောဆိုကြ၏။
ထို​နောက် ဆယ်ရက်ကြာသောအခါ၊ ထာ၀ရဘုရား၏နှုတ်ကပတ်​တော်သည် ယေရမိသို့ရောက်လျှင်၊ ယေရမိသည် ကာရာသား ​ယောဟနန်မှစ၍၊ သူ၌ပါသမျှ​သောတပ်မှူးတို့နှင့် လူအကြီးအငယ်အ​ပေါင်းတို့ကို ခေါ်၍၊ သင်တို့သည် ငါ့ကိုစေလွှတ်၍ အသနား​တော်ခံသော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်​တော်မူသည်ကား၊ 10 အကယ်စင်စစ် သင်တို့သည် ဤပြည်၌နေလျှင်၊ ငါသည် သင်တို့ကို မဖြိုမဖျက်၊ တည်​ဆောက်မည်။ သင်တို့ကို မနုတ်၊ စိုက်ပျိုးမည်။ ငါသည် သင်တို့၌ရောက်စေသော​ ဘေးဒဏ်ကြောင့် ​နောင်တရ၏။ 11 သင်တို့​ကြောက်တတ်သော ဗာဗုလုန်ရှင်ဘုရင်ကို မကြောက်ကြနှင့်။ ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ ထိုရှင်ဘုရင်ကို မ​ကြောက်ကြနှင့်။ ငါသည် သင်တို့ကိုကယ်တင်၍၊ ထိုမင်းလက်မှ နုတ်ယူခြင်းငှာ သင်တို့ဘက်၌ရှိ၏။ 12 သင်တို့ကို ငါကယ်မသနားသောအားဖြင့်၊ ထိုရှင်ဘုရင်သည် သင်တို့ကိုသနား၍၊ ​နေရင်းပြည်သို့ ပြန်​စေရလိမ့်မည်။ 13 သို့မဟုတ်၊ သင်တို့က၊ ငါတို့သည် ဤပြည်၌မနေ၊ ငါတို့ ဘုရားသခင် ထာ၀ရဘုရား၏အမိန့်တော်ကို နားမ​ထောင်ဘဲ၊ 14 စစ်မှုကို မတွေ့မြင်၊ တံပိုးမှုတ်သံကို မကြား၊ မငတ်မမွတ်ရာအရပ်၊ အဲဂုတ္တုပြည်သို့ သွား၍နေမည်ဟု ဆိုလျှင်၊ 15 ကျန်ကြွင်း​သော ယုဒအမျိုးသားတို့၊ ထာဝရဘုရား၏အမိန့်တော်ကို ကြားကြ​လော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ​ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားထံမိန့်တော်မူသည်ကား၊ သင်တို့သည် အဲဂုတ္တုပြည်သို့ သွားခြင်းငှာ ကျပ်ကျပ် မျက်နှာပြုလျက်၊ ထိုပြည်သို့ အမှန်သွား၍ တည်းခိုလျှင်၊ 16 သင်တို့ကြောက်​သော ဓား​ဘေးသည် အဲဂုတ္တုပြည်၌ သင်တို့ကိုမီလိမ့်မည်။ သင်တို့ကြောက်​သော မွတ်သိပ်ခြင်း​ဘေးသည်လည်း၊ အဲဂုတ္တုပြည်၌ သင်တို့ကိုကျပ်ကျပ်လိုက်၍၊ ထိုပြည်၌ သင်တို့သည် သေကြလိမ့်မည်။ 17 အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှာ မျက်နှာပြု​သောသူ အပေါင်းတို့သည် ဓား​ဘေး၊ မွတ်သိပ်ခြင်း​ဘေး၊ ကာလနာ​ဘေးတို့ဖြင့် သေကြလိမ့်မည်။ သူတို့အပေါ်သို့ ငါ​ရောက်စေ​သော ဘေးဒဏ်နှင့် တစ်​ယောက်မျှမလွတ်ရ။ ကျန်ကြွင်း​သောလူ တစ်ယောက်မျှမရှိရ။ 18 ဣသရေလအမျိုး၏ဘုရားသခင်၊ ​ကောင်းကင်ဗိုလ်​ခြေအရှင် ထာ၀ရဘုရားသခင်မိန့်တော်မူသည်ကား၊ ယေရုရှလင်မြို့သားတို့ အပေါ်သို့ ငါ့အမျက်အရှိန်ကို ငါသွန်း​လောင်းသည်နည်းတူ၊ သင်တို့သည် အဲဂုတ္တုပြည်သို့၀င်သောအခါ၊ သင်တို့အပေါ်သို့ သွန်းလောင်းသဖြင့်၊ သင်တို့သည် ဆဲရေးခြင်း၊ အံ့သြခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဖို့ရာ ဖြစ်လိမ့်မည်။ဤအရပ်ကို ​နောက်တစ်ဖန် မမြင်ရ။ 19 ကျန်ကြွင်းသော ယုဒအမျိုးသားတို့၊ အဲဂုတ္တုပြည်သို့ မသွားကြနှင့်ဟု သင်တို့အား ထာဝရဘုရားအမိန့်တော်ရှိ၏။ ငါသည်သင်တို့ကို ယနေ့ သက်သေခံကြောင်းကို သိမှတ်ကြလော့။ 20 အကယ်စင်စစ် သင်တို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားအား အကျွန်ုပ်တို့အဖို့ ဆုတောင်းပါလော့။ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှတို့ကို ကြားပြောပါလော့။ အကျွန်ုပ်တို့သည် နားထောင်ပါမည်ဟုဆို၍၊ ငါ့ကို သင်တို့၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ စေလွှတ်သောအခါ၊ ကိုယ်စိတ်ကို ကိုယ်လှည့်စားကြပြီ။ 21 ငါသည်သင်တို့အား ယနေ့ကြားပြော၏။ သင်တို့မူကား၊ သင်တို့ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်းကောင်း၊ ငါ့အားဖြင့် မှာလိုက်တော်မူသမျှတို့ကိုလည်းကောင်း၊ နားမထောင်ဘဲနေကြ၏။ 22 ထိုကြောင့် သင်တို့သည်သွား၍ တည်းခိုချင်သောအရပ်၌ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် သေကြလိမ့်မည်အကြောင်းကို အမှန်သိမှတ်ကြလော့ဟု ယေရမိသည် ပြန်ပြောလေ၏။