35
ရေ​ခပ်​အ​မျိုး​သား​များ
ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်းလက်ထက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊Ref ၃၅:၁။ ၄ရာ ၂၃:၃၆-၂၄:၆။ ၆ရာ၊ ၃၆:၅-၇။ သင်သည် ရေခပ်အမျိုးသားတို့အိမ်သို့သွား၍၊ သူတို့နှင့် နှုတ်ဆက်ပြီးမှ၊ ဗိမာန်တော် အခန်းတစ်ခန်းထဲသို့ ခေါ်သွင်း၍ စပျစ်ရည်ကို တိုက်ပေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည် ဟာဗဇိညာသားဖြစ်သော ယေရမိ၏သားယာဇညာမှစ၍၊ သူ၏ညီအစ်ကိုတို့နှင့် သားများအပေါင်း၊ ရေခပ်အမျိုးသား အပေါင်းတို့ကို ခေါ်၍၊ ဗိမာန်တော်အတွင်း၊ တံခါးစောင့်ရှလ္လုံသား မာသေယ၏အခန်းအပေါ်၊ မှူးတော်မတ်တော် စည်းဝေးရာအခန်းနားမှာ ဘုရားသခင်၏လူ ဣဂဒါလိသား ဟာနန်၏သားတို့နေသောအခန်းထဲသို့ ဆောင်သွားပြီးလျှင်၊ ထိုရေခပ် အမျိုးသားတို့ရှေ့၌ စပျစ်ရည်နှင့် ပြည့်သောအိုးများနှင့် ခွက်ဖလားတို့ကို ထည့်၍၊ စပျစ်ရည်ကို သောက်ကြပါဟု သူတို့အားဆို၏။ သူတို့ကလည်း၊ အကျွန်ုပ်တို့သည် စပျစ်ရည်ကို မသောက်ပါ။ အကြောင်းမူကား၊ အကျွန်ုပ်တို့ အမျိုး၏အဘ ​ရေခပ်၏သား ယောနဒပ်က၊ သင်တို့မှစ၍ သားစဉ်မြေးဆက်တို့သည် စပျစ်ရည်ကို မသောက်ရကြ။ အိမ်ကိုလည်း မဆောက်ရ၊ မျိုးစေ့ကိုလည်း မကြဲရ၊ စပျစ်ဥယျာဉ်ကိုလည်း မစိုက်ရ၊ မရှိစေရကြ။ သင်တို့သည် ဧည့်သည်ဖြစ်လျက် နေသောပြည်၌ အသက်တာရှည်မည်အကြောင်း၊ တစ်သက်လုံး တဲနှင့်သာနေရကြမည်ဟု အကျွန်ုပ်တို့ကို မှာထားပါပြီ။ ထိုကြောင့်၊ အကျွန်ုပ်တို့သည် မယားသားသမီးနှင့်တကွ တစ်သက်လုံး စပျစ်ရည်ကိုမသောက်။ နေစရာဖို့အိမ်ကိုလည်း မဆောက်။ စပျစ်ဥယျာဉ် မရှိ။ လယ်ယာမရှိ၊ မျိုးစေ့မရှိ။ 10 တဲနှင့်သာနေ၍ အကျွန်ုပ်တို့ အမျိုး၏အဘ ရေခပ်သားယောနဒပ်မှာထားသမျှသော စကားကို နားထောင်လျက်၊ အဘယောနဒပ် မှာထားသမျှအတိုင်း ပြုကြပါပြီ။ 11 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤပြည်သို့လာသောအခါ၊ အကျွန်ုပ်တို့က၊ လာကြ။ ယေရုရှလင်မြို့သို့ သွားကြကုန်အံ့။ ခါလဒဲစစ်သူရဲတို့နှင့် ရှုရိစစ်သူရဲတို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်း ပြောဆို၍၊ ယခုယေရှုရှလင်မြို့၌ နေကြပါသည်ဟု ဆိုကြ၏။
12 ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊ 13 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ ရှိရာသို့ သွား၍၊ သင်တို့သည် ငါ့စကားကိုနားထောင်အံ့သောငှာ ဆုံးမခြင်းကို မခံကြသလောဟု ထာဝရဘုရား မေးတော်မူ၏။ 14 စပျစ်ရည်ကို မသောက်ရဟု၊ ရေခပ်သားယောနဒပ်သည် မိမိသားတို့၌ထားသော ပညတ်စကားအတိုင်း၊ သူတို့သည်ကျင့်၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲနေလျက်၊ အဘ၏ပညတ်စကားကို နားထောင်ကြ၏။ ငါသည် စောစောထ၍ သင်တို့ကို အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ 15 ငါ၏ကျွန် ပရောဖက်အပေါင်းတို့ကိုလည်း၊ ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက်၊ သင်တို့အသီးအသီး လိုက်သော အဓမ္မလမ်းကို ရှောင်ကြလော့။ သင်တို့အကျင့်ကို ပြုပြင်ကြလော့။ အခြားတစ်ပါးသော ဘုရားနောက်သို့ မလိုက်၊ ဝတ်မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင်တို့နှင့် သင်တို့၏ ဘိုးဘေးတို့အား ငါပေးသောပြည်၌ နေရကြလိမ့်မည်ဟု မှာလိုက်သော်လည်း၊ သင်တို့သည် နားကိုပိတ်လျက်၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။ 16 ရေခပ်သားဖြစ်သော ယောနဒပ်၏သားမြေးတို့သည် မိမိတို့အဘ မှာထားသောစကားအတိုင်း ကျင့်ကြ၍၊ ဤလူမျိုးသည် ငါ့စကားကို နားမထောင်သောကြောင့်၊ 17 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ယုဒပြည်သူ၊ ယေရှုရှလင်မြို့သား အပေါင်းတို့အပေါ်သို့ ရောက်စေမည်။ အကြောင်းမူကား၊ ငါပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော်လည်း မထူးကြဟု မိန့်တော်မူ၏။
18 ရေခပ်အမျိုးသားတို့အားလည်း၊ ယေရမိဆင့်ဆိုသော၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊ သင်တို့သည် သင်တို့အဘ ယောနဒပ်၏ ပညတ်စကားကိုနားထောင်၍၊ သူစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်သောကြောင့်၊ 19 ရေခပ်သားယောနဒပ်အမျိုး၌ ငါ့အမှုထမ်းတို့သည် အစဉ်ရှိကြလိမ့်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။