18
ကိုယ်​တော်​ကို​ဖမ်း​ဆီး​ခြင်း
(မ ၂၆:၄၇-၅၆ မာ ၁၄:၄၃-၅၀ လု ၂၂:၄၇-၅၃)
ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။- ထိုအရပ်သို့ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကိုသိသည်ဖြစ်၍၊- စစ်သူရဲတစ်တပ်ကိုလည်းကောင်း၊ ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သော မင်းလုလင်တို့ကိုလည်းကောင်း ခေါ်ခဲ့၍၊ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကို လက်စွဲလျက်လာကြ၏။- ယေရှုသည် ကိုယ်၌ဖြစ်လတ္တံ့သမျှသော အမှုအရာတို့ကို သိတော်မူလျက်၊ လာသောသူတို့ဆီသို့ သွား၍ အဘယ်သူကိုရှာကြသနည်းဟု မေးတော်မူ၏။- နာဇရက်မြို့သား ယေရှုကိုရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။- ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌လဲကြ၏။- အဘယ်သူကိုရှာကြသနည်းဟု တစ်ဖန်မေးတော်မူလျှင်၊ နာဇရက်မြို့သားယေရှုကို ရှာကြသည်ဟု ထိုသူတို့သည် ဆိုကြ၏။- ယေရှုကလည်း၊ ငါသည်ထိုသူဖြစ်၏ဟု ငါပြောပြီ။ သို့ဖြစ်၍ ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေစေဟု မိန့်တော်မူ၏။- ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသောသူတို့တွင် အဘယ်သူမျှပျက်စီးခြင်းသို့ မရောက်ပါဟူသော အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှာ ဤသို့မိန့်တော်မူ၏။
10 ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ပါသောဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် လက်ယာနားရွက်ပြတ်လေ၏။ ထိုကျွန်၏အမည်ကား မာလခုဖြစ်သတည်း။- 11 ယေရှုကလည်း ဓားကို အိမ်၌သွင်းထားလော့။ ခမည်းတော်သည် ငါ့အားပေးတော်မူသောခွက်ကို ငါမသောက်ရာသလောဟု ပေတရုအား မိန့်တော်မူ၏။-Ref ၁၈:၁၁။ မ ၂၆:၃၉။ မာ၊ ၁၄:၃၆။ လု၊ ၂၂:၄၂။
အန္နတ်​မင်း​ထံ​သို့
12 ထိုအခါတပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကိုဖမ်းဆီး၍ ချည်နှောင်ပြီးလျှင် အန္နတ်မင်းထံသို့ ရှေ့ဦးစွာ ယူသွားကြ၏။- 13 အန္နတ်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမ ဖြစ်သတည်း။- 14 ထိုကယာဖကား၊ လူတစ်ယောက်သည် လူများတို့အတွက် ပျက်စီးသော် သာ၍ကောင်းသည်ဟု ယုဒလူတို့နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း။Ref ၁၈:၁၄။ ယော ၁၁:၄၉-၅၀။
ပေ​တ​ရု​ငြင်း​ဆို​ခြင်း
(မ ၂၆:၆၉-၇၀ မာ ၁၄:၆၆-၆၈ လု ၂၂:၅၅-၅၇)
15 ရှိမုန်ပေတရုနှင့် အခြားသော တပည့်တော်တစ်ယောက်သည် ယေရှုနောက်တော်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်၍၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးထဲသို့ ဝင်လေ၏။- 16 ပေတရုမူကားပြင်၌ တံခါးနားမှာရပ်နေ၏။ ထိုကြောင့် ယဇ်ပုရာဟိတ်မင်းနှင့် အကျွမ်းဝင်သော တပည့်တော်သည်ထွက်၍ တံခါးစောင့်မိန်းမအားပြောပြီးမှ ပေတရုကိုသွင်းလေ၏။- 17 တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထိုသူ၏တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။- 18 ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့် မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက်နေကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။
ယဇ်​ပု​ရော​ဟိတ်​မင်းမေး​မြန်း​ခြင်း
(မ ၂၆:၅၉-၆၆ မာ ၁၄:၅၅-၆၄ လု ၂၂:၆၆-၇၁)
19 ထိုအခါ ယဇ်ပုရာဟိတ်မင်းသည် တပည့်တော်တို့ကိုလည်းကောင်း၊ ဒေသနာတော်ကိုလည်းကောင်း အကြောင်းပြု၍ ယေရှုကို မေးမြန်းစစ်ကြော၏။- 20 ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာ တရားဇရပ်၌လည်းကောင်း၊ ဗိမာန်တော်၌လည်ကောင်း၊ အစဉ်မပြတ် ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။- 21 အဘယ်ကြောင့် ငါ့ကိုမေးမြန်းသနည်း၊ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသောသူတို့ကို မေးမြန်းလော့။ ငါပြောသောစကားကို ထိုသူတို့သည် သိကြ၏ဟု မိန့်တော်မူ၏။- 22 ထိုသို့မိန့်တော်မူလျှင်၊ အနီးအပါး၌ရပ်နေသော မင်းလုလင်တစ်ယောက်က၊ သင်သည် ယဇ်ပုရာဟိတ်မင်းကို ဤသို့ပြန်ပြောရာသလောဟု ဆိုလျက် ယေရှုကိုရိုက်လေ၏။- 23 ယေရှုကလည်း၊ ငါ့စကားမမှန်လျှင် မမှန်ကြောင်းကိုပြပါ။ မှန်လျှင် ငါ့ကို အဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ၏။- 24 အန္နတ်မင်းသည် ကိုယ်တော်ကိုချည်နှောင်လျက် ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့စေခဲ့ပြီ။
ပေ​တ​ရု​ငြင်း​ဆို​ခြင်း
(မ ၂၆:၇၁-၇၅ မာ ၁၄:၆၉-၇၂ လု ၂၂:၅၈-၆၂)
25 ရှိမုန်ပေတရုသည် ရပ်၍ မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က၊ သင်သည် သူ၏တပည့်တို့အဝင် ဖြစ်သည်မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။- 26 ပေတရုခုတ်၍ နားရွက်ပြတ်သောသူနှင့် ပေါက်ဖော်တော်သော ယဇ်ပုရာဟိတ်မင်း၏ ကျွန်တစ်ယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လောဟု ဆိုလျှင်၊- 27 ပေတရုသည် တစ်ဖန် ငြင်းပြန်လေ၏၊ ထိုခဏချင်းတွင် ကြက်တွန်၏။
ပိ​လတ်​မင်း​ရှေ့​သို့
(မ ၂၇:၁-၂, ၁၁-၁၄ မာ ၁၅:၁-၅ လု ၂၃:၁-၅)
28 နံနက်အချိန်ရောက်လျှင်၊ ယေရှုကို ကယာဖထံမှ အိမ်တော်ဦးသို့ ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ်၍ ပသခါပွဲကို ခံရမည်အကြောင်း အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။- 29 ထိုကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်၍ ဤသူ၌အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော်၊- 30 ဤသူသည် လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော်၌မအပ်ပါဟု လျှောက်ကြ၏။- 31 ပိလတ်မင်းကလည်း၊ သူ့ကိုယူ၍ သင်တို့ ဓမ္မသတ်အတိုင်း စီရင်ကြဟုဆို၏။ ယုဒလူတို့ကလည်း၊ အကျွန်ုပ်တို့သည် အဘယ်သူကိုမျှ မသတ်ပိုင်ပါဟုလျှောက်ကြ၏။- 32 ထိုသို့လျှောက်သော်၊ ယေရှုသည်အဘယ်သို့ မိမိသေရမည်အရိပ်ကိုပေး၍၊ မိန့်တော်မူသောစကားတော် ပြည့်စုံမည်အကြောင်းတည်း။Ref ၁၈:၃၂။ ယော ၃:၁၄၊ ၁၂:၃၂။
33 ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့ တစ်ဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟုမေး၏။- 34 ယေရှုကလည်း၊ မင်းကြီးသည် ကိုယ်အလိုအလျောက် ဤသို့မေးသလော၊ သို့မဟုတ် သူတစ်ပါးတို့သည် ငါ၏အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ၏။- 35 ပိလတ်မင်းက၊ ငါသည်ယုဒလူဖြစ်သလော။ သင်၏လူမျိုးနှင့်တကွ ယဇ်ပုရောဟိတ်အကြီးတို့သည် သင့်ကိုငါ၌အပ်ကြပြီ။ သင်သည် အဘယ်သို့ပြုမိသနည်းဟု မေးလျှင်၊- 36 ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့လက်သို့ မရောက်စေခြင်းငှာ၊ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့် မစပ်ဆိုင်ဟု မိန့်တော်မူ၏။- 37 ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည် ရှင်ဘုရင်မှန်သလောဟု မေးသော်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။ သမ္မာတရားနှင့်စပ်ဆိုင်သမျှသော သူတို့သည် ငါ့စကားကိုနားထောင်ကြသည်ဟု မိန့်တော်မူ၏။- 38 ပိလတ်မင်းကလည်း၊ သမ္မာတရားကား အဘယ်သို့နည်းဟုမေးပြီးမှ တစ်ဖန် ယုဒလူတို့ရှိရာသို့ထွက်၍၊ ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့။
ယေရှုကို​သေ​ဒဏ်​စီ​ရင်​ခြင်း
(မ ၂၇:၁၅-၃၁ မာ ၁၅:၆-၂၀ လု ၂၃:၁၃-၂၅)
39 ပသခါပွဲ၌ လူတစ်ယောက်ကို သင်တို့အား ငါလွှတ်မြဲထုံးစံရှိသည်ဖြစ်၍၊ ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု မေးလျှင်၊- 40 တစ်ဖန် လူအပေါင်းတို့က၊ ဤသူကို မလွှတ်စေချင်ပါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု အော်ဟစ်၍ လျှောက်ဆိုကြ၏။ ထိုဗာရဗ္ဗကား ဓားပြဖြစ်သတည်း။