ရှင်ယုဒဩဝါဒစာ။
1
ယေရှုခရစ်၏ ကျွန်ဖြစ်သော ယာကုပ်ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မတော်မူသော သူတို့ကို ကြားလိုက်ပါ၏။- သင်တို့၌ ကရုဏာရှိပါစေသော။ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်း များပြားပါစေသော။
မိစ္ဆာ​ဆရာ​များ
ချစ်သူတို့၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး၍ ပေးလိုက်ခြင်းငှာ ငါသည် အလွန်ကြိုးစားသည်တွင်၊ သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်း တရားဘက်မှာ သင်တို့သည် ကြိုးစား၍တိုက်လှန်စေခြင်းငှာ နှိုးဆော်သွေးဆောင်၍ ရေးလိုက်ရသောအကြောင်း ရှိ၏။- အဘယ်ကြောင့်နည်း ဟူမူကား၊ ငါတို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကိလေသာ၏ ညစ်ညူးခြင်းအလိုငှာ မှောက်လှန်လျက်၊ တစ်ပါးတည်း အစိုးရတော်မူသောအရှင်၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှာ ရှေးက စီရင်မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ။- ထိုကြောင့် သင်တို့သည် သိနှင့်သော်လည်း ငါသည် သတိပေး၍ ပြောချင်သော အကြောင်းအရာဟူမူကား၊ ထာဝရဘုရားသည် ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ကယ်လွှတ်တော်မူပြီးလျှင်၊ မယုံကြည်သော သူတို့ကို တစ်ဖန် ဖျက်ဆီးတော်မူ၏။- ထိုမှတစ်ပါး၊ မိမိတို့အခွင့်အရာကို မစောင့်၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို၊ ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှာ၊ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏။- ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီးသော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့် မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့် ကျွမ်းလောင်ခြင်းဒဏ်ကို ခံရ၍ ပုံသက်သေထင်ရှားလျက် ရှိကြ၏။
ယခု ယောင်ယမ်းသောအဓမ္မလူတို့သည်၊ ရှေးနည်းတူ မိမိတို့ကိုယ်ကို ညစ်ညူးစေ၍၊ အာဏာစက်ကိုပယ်လျက်၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ၏။- ကောင်းကင်တမန် မင်းမိက္ခေလမူကား၊ မောရှေ၏ ကိုယ်ကို အကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူစေသတည်းဟူ၍ သာပြောဆို၏။- 10 ထိုသူတို့မူကား၊ မိမိတို့နားမလည်သော အရာများကို ကဲ့ရဲ့တတ်ကြ၏။ တိရစ္ဆာန်ကဲ့သို့ ပကတိအတိုင်း မိမိတို့နားလည်သော အရာများဖြင့် မိမိတို့ကို ပုပ်ပျက်စေတတ်ကြ၏။- 11 သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကာဣနနောက်သို့ လိုက်ကြ၏။ အခကိုရခြင်းငှာ ဗာလမ်မှားယွင်းသကဲ့သို့ အလွန်မှားယွင်းခြင်း ရှိကြ၏။ ကောရ၏ငြင်းခုံခြင်းအပြစ်နှင့် ဖျက်ဆီးခြင်းသို့ ရောက်ကြ၏။- 12 မေတ္တာပွဲလုပ်၍ သင်တို့နှင့်အတူ စားသောက်သောအခါ အားမနာဘဲ၊ မိမိတို့ကိုဝစွာကျွေး၍ ပွဲ၌ အစွန်းအကွက်ဖြစ်ကြ၏။ ရေမရှိ၊ လေတိုက်၍လွင့်သော မိုးတိမ်ကဲ့သို့လည်းကောင်း၊ ညှိုးနွမ်း၍ အသီးမတင်၊ နှစ်ကြိမ်သေ၍ နုတ်ပစ်သော သစ်ပင်ကဲ့သို့လည်းကောင်း၊- 13 မိမိရှက်ခြင်းအကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့လည်းကောင်း၊ ကြယ်ပျံကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ ထိုကြယ်ပျံတို့အဖို့ တစ်ခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။
14 အာဒံမှဆင်းသက်၍ ခုနစ်ဆက်မြောက်သောသူ ဧနောက်က၊ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့် ပြုသော အဓမ္မအမှုရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ပြောသော ကြမ်းတမ်းသော စကားရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း ဖော်ပြခြင်းငှာ၊- 15 အတိုင်းမသိ များစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွ ကြွလာတော်မူလိမ့်မည်ဟု ပရောဖက်ပြု၍ ဟောပြောလေ၏။- 16 ထိုသူတို့သည် မြည်တမ်း၍ အပြစ်တင်တတ်သောသူ၊ ကိုယ်တပ်မက်ခြင်းအတိုင်း ကျင့်တတ်သောသူ၊ ထောင်လွှားသော စကားကို ပြောတတ်သောသူ၊ ကိုယ်အကျိုးစီးပွားကြောင့် သူ့မျက်နှာကို ထောက်ထား ခန့်ညားတတ်သောသူ ဖြစ်ကြ၏။
သ​တိ​ပေး​ချက်​နှင့်​ညွှန်​ကြား​ချက်
17 ချစ်သူတို့၊ နောက်ဆုံးသောကာလ၌၊ မိမိတို့မတရားသော တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊ ပြက်ရယ်ပြုတတ်သော သူတို့သည် ပေါ်ကြလိမ့်မည်ဟု- 18 ငါတို့သခင်ယေရှုခရစ်၏ တမန်တော်တို့သည် ဟောပြောနှင့်သော စကားများကို အောက်မေ့ကြလော့။- 19 ထိုသူတို့သည် သင်းခွဲသောသူ၊ ဝိညာဉ်တော်နှင့် ကင်းသော ဇာတိပကတိလူ ဖြစ်ကြ၏။
20 ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက်လျက်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း ပတ္ထနာပြုလျက်၊- 21 ဘုရားသခင်ကို ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုယ်ကိုစောင့်ရှောက်၍ ထာဝရအသက်အလိုငှာ၊ ငါတို့သခင်ယေရှုခရစ်၏ ကရုဏာတော်ကို မျှော်လင့်၍ နေကြလော့။- 22 ပိုင်းခြား၍သိတတ်သော ဉာဏ်ရှိ၍ အချို့တို့ကို သနားကြလော့။- 23 ကိုယ်ကာယနှင့် ညစ်ညူးစွန်းကွက်သော အဝတ်ကိုပင် စက်ဆုပ်ရွံရှာ၍ ကြောက်ရွံ့ခြင်းနှင့်တကွ၊ အချို့တို့ကို မီးထဲမှ ဆယ်နုတ်ကယ်တင်ကြလော့။
ကောင်းချီးပေးခြင်း
24 ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှာလည်းကောင်း တတ်နိုင်တော်မူသော သူတည်းဟူသော၊- 25 ငါတို့ကို ကယ်တင်တော်မူသောအရှင်၊ တစ်ဆူတည်းသောဘုရားသခင်သည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်၊ ယခုမှစ၍ ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုးအာနုဘော်နှင့် အစွမ်းသတ္တိအာဏာစက် ရှိတော်မူစေသတည်း။ အာမင်။
ရှင်ယုဒဩဝါဒစာပြီး၏။