3
မိမိဖွားသောရက်ကိုကျိန်ဆဲခြင်း
ထိုနောက်၊ ယောဘသည် နှုတ်ကိုဖွင့်၍ မိမိဖွားသောနေ့ရက်ကို ကျိန်ဆဲလျက် မြွက်ဆိုသည်ကား။ ငါဖွားသောနေ့ရက် ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သတင်းကြားပြောသောညလည်း ပျက်စီးပါစေ။ ထိုနေ့ရက် မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်း မပေါ်ထွန်းပါစေနှင့်၊ မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက်အသရေကို ရှုတ်ချပါစေ။ မိုးတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဖွယ် ဖြစ်ပါစေ။ ထိုညသည်မှောင်မိုက်၌ ပျောက်ပါစေ။ နှစ်စဉ်နေ့ရက်တို့နှင့် မပေါင်းပါစေနှင့်၊ လအရေအတွက်၌ မဝင်ပါစေနှင့်။ အော်၊ ထိုညသည် ဆိတ်ညံပါစေ။ ရွှင်လန်းသောအသံ မရှိပါစေနှင့်။ နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညကို ကျိန်ဆဲပါစေ။ ညဉ့်ဦးယံကြယ်တို့သည် မိုက်ပါစေ။ ထိုညသည် အလင်းကိုတောင့်တ၍ မရပါစေနှင့်။ နံနက်မိုးလင်းကို မမြင်ပါစေနှင့်။ အကြောင်းမူကား၊ 10 ငါ့အမိ၏ဝမ်းကို ပိတ်မထား၊ ဒုက္ခဆင်းရဲကို ငါမမြင်စေခြင်းငှာ မကွယ်မကာ။
11 ငါသည်မွေးစက အဘယ်ကြောင့် မသေသနည်း။ အမိဝမ်းထဲမှထွက်စက အဘယ်ကြောင့် အသက်မချုပ်သနည်း။ 12 ငါ့ကိုအဘယ်ကြောင့် ပိုက်ပွေ့ရသနည်း။ အဘယ်ကြောင့် နို့တိုက်ရသနည်း။ 13 ထိုသို့မပြုလျှင် ငါသည်အိပ်၍ ငြိမ်းပြီ။ ပျော်လျက်နေရပြီ။ 14 မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင်၊ 15 မှူးမတ်တို့နှင့်လည်းကောင်း၊ ရွှေကိုရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကိုအပြည့်သိုထားသော မင်းတို့နှင့်လည်းကောင်း ငါငြိမ်းရပြီ။ 16 သို့မဟုတ် အချိန်နေ့လမစေ့မီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ။ 17 ထိုအရပ်၌ လူဆိုးတို့သည် နောက်တစ်ဖန် မနှောင့်ယှက်ရ။ ပင်ပန်းသောသူသည်တို့သည် ချမ်းသာရကြ၏။ 18 အချုပ်ခံရသောသူတို့သည်လည်း အတူငြိမ်ဝပ်ရကြ၏။ ညှဉ်းဆဲသောသူ၏ စကားသံကို မကြားရကြ။ 19 ထိုအရပ်၌ ကြီးသောသူနှင့် ငယ်သောသူရှိကြ၏။ ကျွန်သည်လည်း သခင်လက်နှင့် လွတ်ရ၏။
20 ဒုက္ခဆင်းရဲခံရသောသူအား အဘယ်ကြောင့် အလင်းကိုပေးသနည်း။ စိတ်နှလုံးခါးသောသူအား အဘယ်ကြောင့် အသက်ကိုပေးသနည်း။ 21 သူတို့သည် သေခြင်းကို တောင့်တ၍မရနိုင်။ ဝှက်ထားသောဥစ္စာကို ဖော်ခြင်းငှာ တူးသည်ထက် သေခြင်းအကြောင်းကို ဖော်ခြင်းငှာ သာ၍တူးကြ၏။ 22 သူတို့သည် သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏။ 23 မိမိသွားသောလမ်း ကွယ်ပျောက်သောသူ၊ ဘုရားသခင် ဆီးကာချုပ်ထားသောသူအား အလင်းနှင့်အသက်ကို အဘယ်ကြောင့် ပေးသနည်း။ 24 အစာစားခြင်းအရာ၌ ငါညည်းတွားခြင်း ရှိ၏။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ဖြစ်၏။ 25 ငါကြောက်သောအမှုသည် ငါ၌ရောက်လာပြီ။ ငါအလွန်ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ။ 26 ငါသည် ငြိမ်ဝပ်ခြင်းမရှိ။ ချမ်းဧခြင်းမရှိ။ သက်သာခြင်းမရှိ။ ဒုက္ခဆင်းရဲသက်သက် ရှိသည်ဟု မြွက်ဆိုလေ၏။