12
ပြက်ရယ်ပြုခံရသူ
ယောဘပြန်၍ မြွက်ဆိုသည်ကား၊ သင်တို့သာလျှင် လူဖြစ်၍၊ သင်တို့နှင့်အတူ ဉာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ။ သို့သော်လည်း ငါသည် သင်တို့ကဲ့သို့ ဉာဏ်ရှိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။ ဤကဲ့သို့သောအရာများကို အဘယ်သူသည် နားမလည်ဘဲ နေသနည်း။ ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံရအံ့သောငှာ ဆုတောင်းပတ္ထနာပြုစဉ်တွင်၊ အိမ်နီးချင်း ပြက်ရယ်ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ်မရှိ ဖြောင့်မတ်သောသူသည် ပြက်ရယ်ပြုခြင်းကို ခံရပါသည်တကား။ ချော်လဲလုသောသူကို ပစ်လိုက်သောမီးခွက်ကဲ့သို့ ကောင်းစားသောသူသည် မှတ်တတ်၏။ ဓားပြလုပ်သောသူတို့၏ နေရာသည် ကောင်းစားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။ သားမျိုးနှင့် မိုးကောင်းကင်ငှက်တို့ကို မေးမြန်းလော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။ မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။ ဤအမှုတို့ကို ထာဝရဘုရား စီရင်တော်မူကြောင်းကို၊ ထိုတိရစ္ဆာန်တစ်ကောင်မျှ မသိဘဲနေသလော။ 10 အသက်ရှင်သော သတ္တဝါအပေါင်းတို့၏ ဇီဝအသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ ထွက်သက်ဝင်သက်သည် ဘုရားသခင့်လက်တော်၌ ရှိ၏။ 11 ခံတွင်းသည် အစာကိုမြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော။ 12 အသက်အရွယ်ကြီးသော သူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံကြ၏။ 13 ဘုရားသခင်မူကား၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သောအခွင့် ရှိတော်မူ၏။ 14 ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသောအခွင့် မရှိ။ လူကိုချုပ်ထားတော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။ 15 ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တစ်ဖန် လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုးကြ၏။ 16 တန်ခိုးတော်၊ ဉာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။ 17 တိုင်ပင်မှူးမတ်တို့ကို ဖမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ၏။ 18 ရှင်ဘုရင်တို့ကို အရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏။ 19 ယဇ်ပုရောဟိတ်တို့ကို ဖမ်းဆီးသိမ်းသွား၍၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ၏။ 20 နှုတ်သတ္တိရှိသောသူတို့ကို စကားအစေ၍၊ အသက်ကြီးသော သူတို့မှ ပညာကို နုတ်တော်မူ၏။ 21 မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသောသူတို့ကို ရှုတ်ချတော်မူ၏။ 22 မှောင်မိုက်ထဲ၌ နက်နဲသောအရာတို့ကို ထင်ရှားစေ၍၊ သေခြင်းအရိပ်ကိုအလင်းထဲသို့ ထုတ်ဖော်တော်မူ၏။ 23 တိုင်းနိုင်ငံတို့ကို ချီးမြှောက်၍ တစ်ဖန် ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှာလည်းကောင်း ကျဉ်းစေခြင်းငှာလည်းကောင်း ပြုတော်မူ၏။ 24 မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဉာဏ်ကိုနုတ်၍၊ လမ်းမရှိသောတော၌ လှည့်လည်စေတော်မူ၏။ 25 သူတို့သည် အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက် သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။