ရှင်ယောဟန်ဩဝါဒစာတတိယစောင်။
1
အသက်ကြီးသူသည် ချစ်အပ်သောဂါယုကို ကြားလိုက်၏။ ငါသည် သင်၌ မှန်ကန်သောချစ်ခြင်း မေတ္တာရှိ၏။- အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့၊ သင်သည် အရာရာ၌ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း၏။- သင်သည် သမ္မာတရား၌ ကျင်လည်သည်အတိုင်း သင်၌ရှိသော သမ္မာတရား၏အကြောင်းကို ညီအစ်ကိုတို့သည် လာ၍ သက်သေခံကြသောအခါ၊ ငါသည် အလွန်ဝမ်းမြောက်ခြင်း ရှိ၏။- ငါ၏သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်းမရှိ။
ဂါ​ယု​ကို​ချီး​မွမ်း​ခြင်း
အချင်းချစ်သူ၊ သင်သည် ညီအစ်ကိုတို့အားလည်းကောင်း၊ အာဂန္တုတို့အားလည်းကောင်း ပြုသမျှသောဝတ်တို့ကို သစ္စာနှင့်အညီ ပြုတတ်၏။- ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည် ထိုသူတို့ကို ဘုရားသခင်၏ အလိုတော်နှင့်အညီ ပို့လိုက်ပြန်လျှင်၊ ကောင်းသောအမှုကို ပြုလိမ့်မည်။- အကြောင်းမူကား၊ ထိုသူတို့သည် နာမတော်ကိုထောက်၍၊ သာသနာပလူတို့တွင် အလှူမခံဘဲသွားကြ၏။- ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှာ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ၏။
ဒ​ယော​တ​ရပ်​နှင့် ဒေ​မေ​တ​ရိ
အသင်းတော်ထံသို့ မှာစာကို ငါရေး၍ ပေးလိုက်လေပြီ။ သို့သော်လည်း၊ အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အား အခွင့်မပေး။- 10 ထိုကြောင့်၊ ငါလာသောအခါ သူသည် မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှာ ငါပြုမည်။ ထိုသူသည်၊ ငြူစူသောစကားနှင့် ငါတို့ကို ကဲ့ရဲ့သည်သာမက၊ ကဲ့ရဲ့ခြင်းနှင့် စိတ်မပြေဘဲလျက်၊ ညီအစ်ကိုတို့ကို ကိုယ်တိုင်လက်မခံ၊ လက်ခံချင်သောသူတို့ကိုလည်း မြစ်တား၍၊ အသင်းတော်ထဲက နှင်ထုတ်တတ်၏။- 11 အချင်းချစ်သူ၊ မကောင်းသောနည်းကို မလိုက်နှင့်၊ ကောင်းသောနည်းကိုသာ လိုက်လော့။ ကောင်းသောအကျင့်ကို ကျင့်သောသူသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ မကောင်းသောအကျင့်ကို ကျင့်သောသူမူကား၊ ဘုရားသခင်ကို မသိမမြင်ရပြီ။- 12 လူအပေါင်းတို့သည် ဒေမေတရိ၏ သက်သေဖြစ်ကြ၏။ သမ္မာတရားသည်လည်း သူ၏သက်သေဖြစ်၏။ ငါတို့သည်လည်း ထိုသူဘက်၌ သက်သေခံကြ၏။ ငါတို့၏ သက်သေခံခြင်းသည် ဟုတ်မှန်သည်ကို သင်တို့ သိကြ၏။
နောက်​ဆုံး​နှုတ်​ဆက်​စ​ကား​များ
13 ငါရေးစရာအကြောင်း အများရှိသော်လည်း၊ မင်နှင့် မင်တံဖြင့် ရေးခြင်းငှာ အလိုမရှိ၊- 14 မကြာမမြင့်မီ သင့်ကို ငါတွေ့မြင်လျှင် အချင်းချင်းနှုတ်ဆက်၍ စကားပြောမည်ဟု မျှော်လင့်လျက်နေ၏။ သင်၌ ငြိမ်သက်ခြင်းရှိပါစေသော။ အဆွေတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။ သင်၌ရှိသော အဆွေတို့၏နာမည်ကို ထုတ်၍ နှုတ်ဆက်လော့။
ရှင်ယောဟန်ဩဝါဒစာတတိယစောင်ပြီး၏။