5
လော​က​ကို​အောင်​ခြင်း
ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်း ချစ်တတ်သည်နှင့်အညီ၊- ငါတို့သည် ဘုရားသခင်ကိုချစ်၍၊ ပညတ်တော်တို့ကို စောင့်ကြလျှင်၊ ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိရကြ၏။- ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။- ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်းအကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။- ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတစ်ပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း။
ယေ​ရှုခရစ်​အ​ကြောင်း​သက်​သေ
ထိုသခင်ကား၊ ရေအားဖြင့်လည်းကောင်း၊ အသွေးအားဖြင့်လည်းကောင်း ကြွလာသောသူတည်းဟူသော ယေရှုခရစ်ပေတည်း။ ရေအားဖြင့်သာမဟုတ်၊ ရေအားဖြင့်လည်းကောင်း၊ အသွေးအားဖြင့်လည်းကောင်း ကြွလာတော်မူ၏။ သက်သေခံဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။- သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး၊ နှုတ်ကပတ်တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။-+ ၅း၇-၈ ယော ၅:၇-၈။ ဂရိမူရင်း - သို့ဖြစ်လျှင် သက်သေသုံးပါးရှိ၍ ဝိညာဥ်တော်တစ်ပါး၊ ရေတစ်ပါး၊ အသွေးတစ်ပါး၊ သက်သေခံသုံးပါးရှိ၍၊ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်၏" မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တစ်ပါး၊ ရေတစ်ပါး၊ အသွေးတစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်း ဖြစ်၏။- လူ၏သက်သေကို ယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကို သာ၍ ယုံဖွယ်ရာအကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသော သက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို သက်သေခံတော်မူချက် ဖြစ်သတည်း။- 10 ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသားအပြစ်တင်၏။ အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ၏။- 11 သက်သေခံတော်မူချက် ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။- 12 သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။
ထာ​ဝ​ရ​အ​သက်
13 ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှာ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။- 14 ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။- 15 ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟုသိရကြ၏။- 16 ညီအစ်ကိုချင်းသည် သေပြစ်မသင့်သောဒုစရိုက်ကို ပြုမိသည်ကို တစ်စုံတစ်ယောက်သောသူသည် မြင်လျှင်၊ ထိုသူသည် ဆုတောင်းရမည်။ သေပြစ်ကို မပြုသောသူတို့အဖို့ အလိုငှာ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည်။ သေပြစ်သင့်သော ဒုစရိုက်ရှိ၏။ ထိုဒုစရိုက်အပြစ်ကို လွှတ်စေခြင်းငှာ ဆုတောင်းရမည်ဟု ငါမဆို။- 17 မတရားသောအမှုမည်သည်ကား ဒုစရိုက်ဖြစ်၏။ သို့သော်လည်း သေပြစ်မသင့်သော ဒုစရိုက်ရှိ၏။- 18 ဘုရားသခင်၏သားဖြစ်သမျှသော သူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ၏။ ဘုရားသခင် ဖြစ်ဖွားစေတော်မူသောသူသည်၊ မိမိကိုမိမိ စောင့်ရှောက်သဖြင့်၊ မာရ်နတ်သည် ထိုသူကို မထိမခိုက်နိုင်ရာ။- 19 ငါတို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည်ကိုလည်းကောင်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကိုလည်းကောင်း ငါတို့သိကြ၏။- 20 ဘုရားသခင်၏သားတော်သည် ကြွလာ၍၊ မှန်သောဘုရားသခင်ကို သိသောဉာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌လည်းကောင်း၊ သားတော်ယေရှုခရစ်၌လည်းကောင်း ငါတို့သည် တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရအသက်လည်း ဖြစ်တော်မူ၏။ ချစ်သားတို့၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။
ရှင်ယောဟန်ဩဝါဒစာပထမစောင်ပြီး၏။